News

POST TAGGED AS

မိုးလေဝသ

သရုပ်ဆောင်စိုးသူအား သတင်းစာမှ အကြွေးတောင်းသူကို စိုးမြတ်နန္ဒာ တရားစွဲ
ရန်ကုန်၊ ဩဂုတ် ၂၅

သရုပ်ဆောင်စိုးသူအား နိုင်ငံပိုင်သတင်းစာတွင် အကြွေးတောင်းသည့် ကြော်ငြာထည့်သွင်းခဲ့သော ဦးကျော်ကျော်ထွန်းကို အသရေဖျက်မှုဖြင့် အရေးယူပေးရန် သရုပ်ဆောင် စိုးမြတ်နန္ဒာက မရမ်းကုန်းမြို့နယ် တရားရုံး၌ ဩဂုတ်လ ၂၄ ရက်က ဦးတိုက်လျှောက်ထားလိုက်သည်။

“အသရေဖျက်မှုနဲ့ ဦးတိုက်လျှောက်ထားမှုကို တရားရုံးက ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆို စစ်ဆေးဖို့ လက်ခံလိုက်တယ်။ လာမယ့် စက်တင်ဘာလ ၇ ရက်နေ့မှာ ဒီအမှုကို စစစ်ဆေးဖြစ်မယ်”ဟု သရုပ်ဆောင် စိုးမြတ်နန္ဒာ၏ အကျိုးဆောင်ရှေ့နေဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးနေလက ပြောသည်။ 

ဩဂုတ်လ ၁၈ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဦးကျော်ကျော်ထွန်း၏ ရှေ့နေများက သရုပ်ဆောင် စိုးသူ (ခ) ဦးစိုးသူလွင်နှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် သရုပ်ဆောင် စိုးမြတ်နန္ဒာအနေနှင့် ပါဝင်ပတ်သက်မှု မရှိမှန်းသိပါလျက် တစ်စုံတစ်ရာ ဆက်သွယ်လာခြင်းမရှိဘဲ ကြေညာချက်တွင် ထည့်သွင်းဖော်ပြမှုကြောင့် ဂုဏ်သိက္ခာကျဆင်းစေသော နစ်နာမှုအတွက် ကျပ်သိန်း ၁၅၀၀၀ ကို ဩဂုတ်လ ၂၀ ရက်နေ့မှ စ၍ ခုနစ်ရက် အတွင်းပေးအပ်ရန် သရုပ်ဆောင် စိုးမြတ်နန္ဒာဘက်က တောင်းဆိုလိုက်ပြီး ယင်းတောင်းဆိုမှုကို မလိုက်နာပါက တည်ဆဲဥပဒေအရ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“ရုပ်ရှင်မင်းသား စိုးသူက ကားပေါ်က မဆင်းဘူး။ စိုးမြတ်နန္ဒာတစ်ယောက်တည်း ကားပေါ်ကဆင်းပြီး တရားရုံးထဲဝင်လာတာ”ဟု သရုပ်ဆောင် စိုးမြတ်နန္ဒာနှင့် ဓာတ်ပုံအတူ တွဲရိုက်ခဲ့သည့် ရှေ့နေအမျိုးသမီးတစ်ဦးက ဆိုသည်။ 

သရုပ်ဆောင် စိုးမြတ်နန္ဒာက မရမ်းကုန်းမြို့နယ်တရားရုံးသို့ လာရောက်ပြီး အသရေဖျက်မှုဖြင့် ဦးတိုက်လျှောက်ထားမှုနှင့် ပတ်သက်၍ The Voice Daily သတင်းစာမှ သတင်းထောက်က တရားရုံးထံ သွားရောက်ပြီး စာတင်မေးမြန်းခဲ့သော်လည်း သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက တွေ့ဆုံခွင့်မပြုခဲ့သလို ယင်းသတင်းနှင့်ပတ်သက်၍ သိရှိလိုပါက လာမည့်စက်တင်ဘာလ ၅ ရက်နေ့မှသာ ဖြေကြားပေးမည်ဖြစ်ကြောင်း ယင်းတရားရုံးထံမှသိရသည်။ 

နိုင်ငံပိုင် သတင်းစာတွင် ဦးကျော်ကျော်ထွန်းဆိုသူက ပြုလုပ်ခဲ့သည့် ကြေညာချက်၌ ၎င်းသည် စိုးသူနှင့် စိုးမြတ်နန္ဒာတို့မှာ မိတ်ဆွေရင်းသဖွယ် ခင်မင်ရင်းနှီးခဲ့ပြီး ၂၀၁၅ ခုနှစ် ဩဂုတ်လတွင် စိုးသူပေးရန်ရှိသည့် ကြွေးပူများအတွက် ကူညီစိုက် ထုတ်ရှင်းလင်းပေးခဲ့ရကြောင်း၊ ယင်းစိုက်ထုတ်ခဲ့ရသည့် ငွေများကို သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိဘဲ အကြိမ်ကြိမ် ပျက်ကွက်နေသဖြင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် တွေ့ဆုံညှိနှိုင်းခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာကြေညာချက်တွင် ပါရှိခဲ့သည်။ 

ချေးယူထားသည့် ကျပ်သိန်း ၃၅၀ ကျော် ပြန်မဆပ်ခြင်းနှင့် ပတ်သက်ပြီး ထိုကြေညာချက်နှင့် ပတ်သက်၍ သရုပ်ဆောင် တေးသံရှင် စိုးသူကလည်း ကြေညာချက်တစ်ခုပြုလုပ်ခဲ့ပြီး ဦးကျော်ကျော်ထွန်းသည် Striking Thunder Entertainment အမည်ဖြင့် မန္တလေးမြို့တွင် ကျင်းပခဲ့သော One Night In Mandalay Show ကို စီစဉ်ခဲ့သလို ၎င်း၏ ကုန်ကျစရိတ်ဖြင့် အသံသွင်းထားသော “အမြတ်နိုးဆုံး မင်းအကြောင်း လေး” စီးရီးမာစတာခွေကို ဖြန့်ချိခဲ့သူလည်းဖြစ်ကြောင်း၊ ဦးကျော်ကျော်ထွန်းမှ ၂၀၁၅ ခုနှစ် ဩဂုတ်လတွင် ၎င်းလိုအပ်နေသည့် ငွေကို စာချုပ်စာတမ်းမရှိဘဲ စိုက်ထုတ်ပေးခဲ့ပြီး ၎င်းအားပေးရန်ရှိသည့် အနုပညာကြေးဖြင့် ခုနှိမ်မည်ဟု ပြောခဲ့ကြောင်း၊ အနုပညာလုပ်ငန်းများ လုပ်ဆောင်ပြီးချိန်အထိ ဦးကျော်ကျော်ထွန်းသည် အနုပညာကြေးများ မပေးခဲ့ဘဲ ၎င်း ရရန်ရှိသော ငွေကို အတိုးနှုန်းများယူကာ ပြန်လည်ပေးဆပ်ရန် ပြောခဲ့ကြောင်း၊ အနုပညာလုပ်ငန်းများကြား စာချုပ်စာတမ်း မချုပ်ဆိုထား၍ စိုးသူက အနုပညာကြေးရှင်းပေးရန် ပြောသော်လည်း ဦးကျော်ကျော်ထွန်းက လက်မခံခဲ့ကြောင်း စိုးသူ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

S-03



FOLLOW US