News

POST TAGGED AS

မိုးလေဝသ

01-Aug-2018

မိုးလေဝသ
ရန်ကုန်နှင့် ဒေသအချို့ နေရာကွက်၍ မိုးကြီးမည်

ရန်ကုန်၊ ဩဂုတ် ၁

မုတ်သုံလေ အားကောင်းနေသည့်အတွက် ရန်ကုန်အပါအဝင် ဒေသခုနစ်ခုတွင် နေရာကွက်၍ မိုးကြီးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ကျန်ဒေသများတွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကာ ရွာရန် ရာနှုန်းပြည့်ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။ 

ယခုသီတင်းပတ်အတွင်း မုန်တိုင်းငယ် ဖြစ်နိုင်ခြေ မတွေ့ရှိရသေးသော်လည်း မုတ်သုံလေ အားကောင်းနေနိုင်သည့်အတွက် ပင်လယ်ပြင် မိုးလေဝသအခြေအနေ ဆိုးရွားခြင်း၊ မိုးသည်းထန်ခြင်းနှင့် မိုးသက်လေပြင်းများ ကျရောက်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။

“လာမယ့်နှစ်ရက် သုံးရက်အတွင်း မုတ်သုံလေ ဆက်လက်အားကောင်းနေနိုင်ပြီးတော့ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသတွေမှာ နေ့စဉ် မိုးရေချိန် နှစ်လက်မနဲ့အထက်ရွာဖို့ ရာခိုင်နှုန်း များပါတယ်”ဟု ၎င်းက ပြောဆိုသည်။

ထို့ပြင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ရာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ရှစ်ပေမှ ၁၂ ပေခန့်အထိ ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထားသည်။

E-03



FOLLOW US