News

POST TAGGED AS

မိုးလေဝသ

စစ်တောင်းရေကာတာ ကျိုးပေါက်မှုသတင်း ထိမ်ချန်ထားခဲ့ဟု မဒေါက် NLD ပြော
တောင်ငူ၊ ဩဂုတ် ၁

ပဲခူးတိုင်း အရှေ့ခြမ်း ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့နေရသည့် ရွှေကျင်နှင့် မဒေါက်မြို့များအနက် မဒေါက်မြို့ စစ်တောင်းမြစ်ရေကာတာသည် ထိုပိုကျေးရွာအနီး ကျိုးပေါက်ခဲ့သော်လည်း တာဝန်ရှိသူများက သတင်းကို ထိမ်ချန်ထားခဲ့ကြောင်း မဒေါက်မြို့နယ် NLD ပါတီမှ ဒေါက်တာ ခင်ယမင်းစုက ပြောကြားသည်။

“ဇူလိုင် ၂၈ ရက်နေ့ ည ၁၀ နာရီလောက်မှာ တာကျိုးပေါက်ခဲ့တာပါ။ သက်သေ အထောက်အထား ဓာတ်ပုံတွေလည်းရှိတယ်။ ဒါကို ဆည်မြောင်းဝန်ကြီးဌာနကနေပြီး ထိမ်ချန်ထားတယ်”ဟု ၎င်းကပြောဆိုသည်။

အဆိုပါနေ့ ည ၁၀ နာရီခန့်က ထိုပို ကျေးရွာအနီး စစ်တောင်းမြစ် တာကျိုးပေါက်ခဲ့သည့်အကျိုးဆက်ကြောင့် ဇူလိုင် ၂၉ ရက်တွင် ညောင်လေးပင်မြို့နယ် မုက္ခမူ တာဆက်ကျိုးစေခဲ့ပြီး ကျေးရွာဒေသခံများက သက်ဆိုင်ရာ ဆည်မြောင်းဦးစီးဌာနကို အချိန်မီ သတင်းပေးပို့ခဲ့သော်လည်း သဲအိတ်ချထားပေးမည်ဟု ကတိပေးခဲ့ကြောင်း ဒေသခံများကဆိုသည်။

မဒေါက်မြို့ ထိုပိုကျေးရွာအနီး စစ်တောင်းမြစ် ရေကြီးရေလျှံမှုကာကွယ်ပေးသည့် တာကျိုးပေါက်သည်ဟု ဒေသခံများက ပြောဆိုခဲ့ခြင်းနှင့်ပတ်သက်ပြီး ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်က မကြာမီ သတင်းထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

မဒေါက်မြို့ ထိုပိုရွာအနီး စစ်တောင်းမြစ်တာ ကျိုးပေါက်ခဲ့သည်မှာမှန်ကန်ပြီး လက်ရှိတွင် ပြန်လည်ပြုပြင်ထားပြီးဖြစ်ကြောင်းနှင့် စစ်တောင်းတာကျိုးပေါက်ခြင်းကြောင့် မုက္ခမူတာကျိုးသည်ဟု ပြောဆိုနိုင်ကြောင်း ညောင်လေးပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

ထိုသို့ စစ်တောင်းမြစ်ရေကာတာ ကျိုးပေါက်မှုဖြစ်ပွားခဲ့သော်လည်း ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုမျိုး ကြုံတွေ့ခဲ့ခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။

R-15



FOLLOW US