News

POST TAGGED AS

မိုင်းပေါက်ကွဲမှု

မေယုကိုဆန် မေယုကိုစုန်၍ အနောက်တံခါးကို ဖြတ်သန်းကြည့်ရှုခြင်း (၁၆)
ရခိုင်အမျိုးသားပါတီ ANP ရုံးသို့ သွားရောက်လေ့လာခြင်း

ကျွန်တော်တို့ သတင်းမီဒီယာအဖွဲ့၏ ငါးရက်တာ ရခိုင်မြောက်ပိုင်းခရီးစဉ် ယနေ့ပြီးဆုံးပြီဖြစ်သည်။ သက္ကယ်ပြင်စခန်းက ပြန်ထွက်လာတော့ မွန်းလွဲ ၁ နာရီကျော်ပြီ။ ညနေပိုင်းအစီအစဉ်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့် အချိန်ရလျှင်တွေ့ဆုံရန်ဖြစ်ပြီး တစ်ဆက်တည်း လေဆိပ်ဆင်းကြမည်။ ထိုရက်အတွင်း ရခိုင်ဝန်ကြီးချုပ် ကောလာဟလသတင်းကလည်း အွန်လိုင်းပေါ်တက်လာသည်။ ဝန်ကြီးချုပ်နှစ်ဦး အပြောင်းအလဲဖြစ်မည်ဟု အွန်လိုင်းပေါ်သတင်းပျံ့ခဲ့ရာတွင် ရခိုင်ဝန်ကြီးချုပ် ဦးညီပုအမည်လည်း ပါလာတာတွေ့ရသည်။ သို့သော် ထိုသတင်းမှာ အတည်မပြုနိုင်ခဲ့ပါ။ ထိုရက်အတွင်း ဦးညီပုက နေပြည်တော်သို့ ရောက်နေသည့်အတွက် ပြန်ရောက်လာလျှင် တွေ့ဆုံနိုင်မည်။ နောက်တစ်နေ့ သတင်းများအရ ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီတစ်ဦးတည်းသာ အပြောင်းအလဲဖြစ်ပြီး ဦးညီပုမပါဝင်သဖြင့် နေပြည်တော်မှ ပြန်ရောက်၍ အချိန်ရလျှင် သတင်းမီဒီယာအဖွဲ့နှင့်တွေ့မည်ဟု ဆိုသည်။

နေ့လယ်စာ စားပြီးနောက် အချိန်ရသဖြင့် ရခိုင်အမျိုးသားပါတီ (ANP) ရုံးသို့ သွားရောက်ခဲ့ကြသည်။ ရခိုင်အမျိုးသားပါတီက ရခိုင်ပြည်နယ်မှာတော့ အင်အားအကောင်းဆုံး အမျိုးသားရေး ပါတီတစ်ခုဖြစ်သည်။ ဘင်္ဂါလီပဋိပက္ခကြောင့် ရခိုင်အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်နေချိန်တွင် ANP ပါတီက အကောင်းဆုံး စည်းရုံးနိုင်ခဲ့သဖြင့် ရခိုင်လူထုထောက်ခံမှု အမြင့်ဆုံးရထားသည့် ပါတီဖြစ်သည်။ ANP ပါတီ ပေါ်ပေါက်မလာမီက ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားကိုယ်စားပြု အဓိကပါတီနှစ်ခု ရှိခဲ့သည်။ တစ်ခုမှာ ဒေါက်တာအေးမောင် ဦးဆောင်သည့် RNDP (Rakhine Nationalities Development Party ) နှင့် ဦးအေးသာအောင် ဦးဆောင်သည့် ALD (Arakan League for Democracy) ပါတီတို့ဖြစ်သည်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲဝင်ရန် ပြင်ဆင်ကြသောအခါ ထိုနှစ်ပါတီကို ပါတီတစ်ခုတည်းအဖြစ် ပေါင်းရန် အကြိမ်ကြိမ်ညှိနှိုင်းခဲ့ကြပြီးနောက် ၂၀၁၃ ခုနှစ် ဇွန်လတွင် ပါတီပေါင်းစည်းရန် သဘောတူခဲ့ကြသည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်တွင် ရခိုင်အမျိုးသားပါတီ ANP (Arakan National Party) ကို စတင်ထူထောင်ခဲ့သည်။ ဥက္ကဋ္ဌမှာ ဒေါက်တာအေးမောင် ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ANP ပါတီက အမတ်နေရာ အများအပြား အနိုင်ရခဲ့သည်။ အမျိုးသားလွှတ်တော်တွင် ၁၀ နေရာ၊ ပြည်သူ့လွှတ်တော်တွင် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော်တွင် ၂၂ နေရာ အနိုင်ရခဲ့သည်။ အဓိက ပါတီကြီးတစ်ခုဖြစ်သော NLD မှာ ANP ကို မယှဉ်နိုင်ခဲ့။ သို့သော် ထိုရွေးကောက်ပွဲတွင် ပါတီခေါင်းဆောင် ဦးအေးမောင် ရှုံးနိမ့်သွားသည်။ ရွေးချယ်ခံရလျှင် ပြည်နယ်ဝန်ကြီးချုပ်နေရာအထိ မှန်းထားသော ဦးအေးမောင်အတွက် မချိတင်ကဲ ဖြစ်စရာဖြစ်ခဲ့သည်။ ရွေးကောက်ပွဲအပြီး ရခိုင်ဝန်ကြီးချုပ်နေရာချထားတော့ NLD ပါတီက ဦးညီပုကို အမည်စာရင်းပေးရာ ANP ပါတီ လွှမ်းမိုးသော ရခိုင်လွှတ်တော်မှာ ကန့်ကွက်ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့သေးသည်။ ပြီးခဲ့သည့်နှစ် ဧပြီလကြား ဖြတ်ရွေးကောက်ပွဲမှာတော့ ဦးအေးမောင်က အမ်းမြို့နယ်မှ အရွေးချယ်ခံရင်း လွှတ်တော်ထဲ ပြန်ရောက်လာသည်။ ANP ပါတီမှာလည်း အက်ကြောင်းအချို့ရှိသည်။ ANP တွင် ယခင် RNDP ပါတီဝင်များက လွှမ်းမိုးထားသည်ဟုဆိုကာ ပြီးခဲ့သည့်နှစ် ဇန်နဝါရီလမှာ ALD ပါတီခေါင်းဆောင်များ ပြန်လည်နုတ်ထွက်သွားခဲ့သည်။ လက်ရှိ ရခိုင်ပြည်နယ်လွှတ်တော်တွင် ANP ပါတီက ကိုယ်စားလှယ်အများစုဖြင့် ဦးဆောင်နေသော်လည်း ရခိုင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ်နေရာကိုမူ NLD ပါတီက ဦးညီပုက တာဝန်ယူနေသည်။ အခြားသော ပြည်တွင်းနိုင်ငံရေး အဖွဲ့အစည်းတွေလိုပင် ရခိုင်နိုင်ငံရေးပါတီတွေကလည်း ရှုပ်ထွေးသည်။ ဘာ့ကြောင့်မှန်းမသိ ရခိုင်မြောက်ပိုင်း ပဋိပက္ခ ကြီးထွားလာနေစဉ် ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်မှာ ANP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် အံ့အားသင့်ဖွယ် ရုတ်တရက် နုတ်ထွက်သွားခဲ့သည်။

စစ်တွေမြို့ရှိ ANP ပါတီရုံးသို့ သွားရောက်လေ့လာချိန်မှာ ပါတီက ဥက္ကဋ္ဌမရှိသော ပါတီဖြစ်နေသည်။ သတင်းမီဒီယာအဖွဲ့ ရောက်လာသောအခါ ပါတီတာဝန်ရှိပုဂ္ဂိုလ်တွေက ဝမ်းသာအားရ ကြိုဆိုသည်။ ရခိုင်ပြည်နယ်၏ အဓိက ပါတီကြီးတစ်ခုဖြစ်သောကြောင့် လက်ရှိပဋိပက္ခအပေါ် သူတို့၏သဘောထားကို သိလိုသည်။ တစ်ဆက်တည်း “အခုကျွန်မတို့ ပါတီဥက္ကဋ္ဌကြီးရဲ့ နုတ်ထွက်မှုကို ပါတီက ဆုံးဖြတ်ချက်မပေးရသေးပါဘူး။ နုတ်ထွက်သွားတယ်လို့ ပြောမရသေးပါဘူး”ဟု ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အေးနုစိန်က မီဒီယာသမားတွေကို ရှင်းပြသည်။ ရခိုင်အမျိုးသားပါတီနှင့် ပတ်သက်လာလျှင် ပြည်တွင်းနိုင်ငံရေးလောက၌ အထင်ရှားဆုံး၊ အသံအကျယ်ဆုံးပုဂ္ဂိုလ်က ဦးအေးမောင်ဖြစ်သည်။ ရခိုင်ပြည်နယ်အရေးကို အကြောင်းပြု၍ ၂၀၁၇ ခုနှစ်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် သွားရောက်တွေ့ဆုံခဲ့သူမှာလည်း ဦးအေးမောင်ဖြစ်သည်။ သူ ဦးဆောင်နေသည့် ANP ပါတီက နုတ်ထွက်ကြောင်း ကြေညာသောအခါ အံ့အားသင့်စရာ ဖြစ်ရသည်။ ဘာ့ကြောင့်လဲဟု မေးစရာဖြစ်ခဲ့သည်။ သူတို့ ပါတီခေါင်းဆောင်တွေကြားမှာ ဘာပြဿနာတွေရှိသလဲ မသိ။

မည်သို့ပင်ဖြစ်စေ ယခုချိန်ထိ ANP ပါတီက ရခိုင်ပြည်နယ်မှာ အင်အားအကောင်းဆုံး ဖြစ်နေဆဲဖြစ်သည်။ ပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ဘင်္ဂါလီဒုက္ခသည်များအား အစိုးရက ပြန်လည်လက်ခံ နေရာချထားရာတွင် ရခိုင်ပြည်နယ်ကိုယ်စားပြု အဓိက ပါတီကြီးဖြစ်သော ANP ပါတီနှင့် ဆွေးနွေးခြင်း၊ တိုင်ပင်ညှိနှိုင်းခြင်း မရှိသည့်ကိစ္စကို ဝေဖန်ထောက်ပြသည်။

“ကျွန်တော်တို့က ရခိုင်ပြည်နယ်မှာ လူထုထောက်ခံမှုအများဆုံး ရထားတဲ့ပါတီ။ ရခိုင်လူထုရဲ့ခံစားချက်ကို ကျွန်တော်တို့ သိတယ်။ ဒီလို နေရာပြန်ချထားတဲ့ကိစ္စ၊ ဖွံ့ဖြိုးရေးဆောင်ရွက်တဲ့ ကိစ္စတွေမှာ ကျွန်တော်တို့ပါတီနဲ့ တိုင်ပင်သင့်တယ်။ ဘင်္ဂါလီတွေကို နေရာပြန်ချတဲ့နေရာမှာ ရခိုင်တွေရဲ့လုံခြုံရေး စိုးရိမ်စရာတွေရှိနေတယ်”ဟု ပြောသည်။ အဓိကပြောလိုသည်မှာ အစိုးရအနေနှင့် ပြန်လည်လက်ခံရေး လုပ်ဆောင်ရာတွင် သူတို့ ANP ပါတီနှင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်။

ရခိုင်အမျိုးသားပါတီ ANP ရုံးက ပြန်ထွက်လာပြီးနောက် ပြည်နယ်အစိုးရအဖွဲ့ရုံးကို ဆက်လက်ချီတက်ခဲ့ကြသည်။ ဝန်ကြီးချုပ် ဦးညီပု ပြန်လည်ရောက်ရှိပြီ ဖြစ်သည်။ ယခုပင် ပြန်ရောက်တာဖြစ်၍ ခဏစောင့်ပေးကြပါဆို၍ အစည်းအဝေးခန်းမထဲမှာ ထိုင်စောင့်ကြသည်။ NLD အစိုးရလက်ထက် ဒေသဆိုင်ရာ ဝန်ကြီးချုပ်တွေက ဟိတ်ဟန်မရှိ၊ သဘောကောင်းပြီး ပွင့်ပွင့်လင်းလင်းရှိကြသည်။ ကျွန်တော်တို့ သတင်းမီဒီယာအဖွဲ့ ပထမဦးဆုံး မောင်တောမြို့သို့ ရောက်သည့်နေ့က ညဘက်ကြီး ကျွန်တော်တို့တည်းခိုရာ တည်းခိုခန်းအထိ တလေးတစား လာရောက်တွေ့ဆုံသွားသည်။ ဟိတ်ဟန်မရှိ။ ပွင့်ပွင့်လင်းလင်းပဲဖြစ်သည်။

ယခုလည်း ထမင်းစားနေ၍ ခဏစောင့်ပါဆို၍ စောင့်နေကြသည်။ ရခိုင်မြောက်ပိုင်း ခရီးစဉ်တစ်ခုလုံးအတွင်း ကျွန်တော်တို့ မျက်မြင်သက်သေအဖြစ် နေရာစုံရောက်ခဲ့သည်။ ဒေသခံများ၊ ဒုက္ခသည်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခွင့်ရခဲ့သည်။ ပဋိပက္ခအလွန် မြင်ကွင်းတွေသာမက ဒေသန္တရပတ်ဝန်းကျင်များ၊ တည်ဆောက်ရေး လုပ်ငန်းခွင်များကိုပါ လေ့လာခွင့်ရခဲ့သည်။ အတော်ပင်စုံပြီဟု ဆိုနိုင်သည်။ ယခု ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံမှုမှာ နောက်ဆုံးအစီအစဉ်ဖြစ်သည်။ ခဏအကြာမှာ ဝန်ကြီးချုပ်ဦးညီပု ထွက်လာသည်။

ချစ်ဝင်းမောင်



FOLLOW US