News

POST TAGGED AS

မုန်တိုင်း

ရခိုင်ကို မုန်တိုင်းဝင်နိုင်
ရန်ကုန်၊ မေ ၂၇

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာရာမှ မုန်တိုင်းငယ်အဖြစ် ရခိုင်ပြည်နယ်သို့ ဖြတ်ကျော်ဝင်ရောက်နိုင်ဖွယ် ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။

လက်ရှိလေဖိအားနည်းရပ်ဝန်းသည် မေလ ၂၈ ရက်၊ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့ဝန်းကျင်တွင် မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနိုင်ပြီး ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက်နိုင်ဖွယ်ရှိကြောင်း၊ ယင်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသတို့တွင် နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက် ခတ်ခြင်းတို့လည်း ဖြစ်ပေါ်နိုင်ကြောင်း ၎င်းက ပြောဆိုသည်။ 

ထို့ပြင် ယင်းအရှိန်ကြောင့် ရန်ကုန်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများအထိ ဒေသအလိုက် နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း၊ ရခိုင်ကမ်းရိုးတန်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသတို့တွင် မိုးသက်လေပြင်းကျစဉ် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထက်အထိ လေပြင်းတိုက်ခတ်နိုင်ပြီး လှိုင်းကြီးနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“ကမ်းရိုးတန်းတွေမှာ လေပြင်းတိုက်နိုင်တယ်။ ၂၈၊ ၂၉ ၊ ၃၀ ကတော့ မုန်တိုင်းငယ်အဆင့်အထိ ရောက်နိုင်တော့ နည်းနည်းလေးစိုးရိမ်ရတယ်။ အားက တအားကြီးကောင်းတဲ့ အနေအထားမျိုး တော့ မတွေ့ရဘူး။ ကြိုပြင်ဆင်ထားဖို့တော့လိုတယ်”ဟု ဒေါက်တာကျော်မိုးဦးက ဆိုသည်။

အဆိုပါအရှိန်ကြောင့် မေလ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ရခိုင်ကမ်းရိုးတန်းတစ်လျှောက် အထူးသဖြင့် စစ်တွေနှင့် ကျောက်ဖြူမြို့အကြား၌ မိုးသက်လေပြင်းဒဏ် ပိုမိုခံရနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သဖြင့် မြေပြိုခြင်းနှင့် ရေကြီးရေလျှံခြင်းတို့ ဖြစ်ပေါ်နိုင်ဖွယ်ရှိသဖြင့် သတိပြုရန်လိုကြောင်း ရာသီဥတု၊ မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ လေ့လာတင်ပြနေသည့် MMweather Page တွင် ဖော်ပြထားသည်။ 

ယခုဖြစ်ပေါ်လာမည့် မုန်တိုင်းသည် ၂၀၁၈ ခုနှစ်အတွက် ပထမဆုံး မုန်တိုင်းငယ်ဖြစ်လာနိုင်ပြီး ပြီးခဲ့သည့်မေလဆန်းက ကပ္ပလီပင်လယ်ပြင်တွင် ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းမှာ မြစ်ဝကျွန်းပေါ်ဒေသသို့ မဖြတ်ကျော်မီ အားလျော့ပျက်ပြယ်သွားခဲ့သည်။ 

ထို့ပြင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဧပြီလအတွင်းက ဆိုင်ကလုန်းမုန်တိုင်း မာရသာသည် ရခိုင်ပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ မာန်အောင်၊ တောင်ကုတ်၊ ကျောက်ဖြူ၊ ရမ်းဗြဲနှင့် ငပလီမြို့တို့တွင် နေအိမ်နှင့် အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌လည်း မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုအချို့ ရှိခဲ့သည်။

E-03



FOLLOW US