News

POST TAGGED AS

မီးသွေး

မူဆယ်တွင် တိုက်ပွဲဖြစ်၍ အရပ်သား ၁၄ ဦးသေဆုံး


မူဆယ်၊ မေ ၁၂

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ဒေသတွင် ယနေ့ (မေ ၁၂ ရက်) နံနက်ပိုင်းက တိုက်ပွဲဖြစ်၍ နံနက် ၁၁ နာရီအထိ အတည်ပြုရရှိသည့်စာရင်းအရ အရပ်သား ၁၄ ဦးသေဆုံးပြီး ၂၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးမြို့ရှိ ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

မန်ဝိန်း အမှတ် (၁) ရဲကင်းလည်း တိုက်ခိုက်ခံရသဖြင့် ရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည်။ ဒဏ်ရာရရှိသူကို မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုပေးနေကြောင်း၊ သေဆုံးသွားသည့် အရပ်သားများ မည်သူမည်ဝါဖြစ်သည်ကို စိစစ်နေဆဲဖြစ်ကြောင်း အဆိုပါရဲရုံး အရာရှိတစ်ဦးက ပြောကြားသည်။

မူဆယ်-နမ့်ခမ်း ကားလမ်းမ နမ့်ပေါ်ပန်ခမ်းတံတားအနီး၊ စယ်လန့်ကျေးရွာထိပ်နှင့် မူဆယ်-လားရှိုး ကားလမ်းမပေါ် နမ့်ပေါ်တံတားအနီးတို့တွင် ယနေ့နံနက် ၅ နာရီမှ ၈ နာရီခွဲကျော်အထိ တပ်မတော်စခန်းများနှင့် ပြည်သူ့စစ်စခန်းများကို စစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တအန်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (TNLA) က သတင်းထုတ်ပြန်သည်။

တအန်းဒေသတွင် တပ်မတော်က အင်အားဖြည့်တင်းလာမှုနှင့် ကချင်ဒေသတွင် မဟာမိတ် ကေအိုင်အေကို တပ်မတော်က တိုက်ခိုက်မှုများကြောင့် ထိုသို့စစ်ဆင်ရေးပြုလုပ်ခြင်းဖြစ်ကြောင်း တအန်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA) က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲသည် နံနက် ၈ နာရီခွဲကျော်တွင် ရပ်တန့်သွားခဲ့ပြီး စတင်ပစ်ခတ်သည့် TNLA လက်နက်ကိုင်အဖွဲ့ ဆုတ်ခွာသွားပြီဖြစ်သော်လည်း နယ်မြေခံတပ်မတော်အဖွဲ့များ၊ ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်တပ်ဖွဲ့များက မူဆယ်မြို့တွင်းနှင့် တိုက်ပွဲဖြစ်ပွားရာအနီးတစ်ဝိုက် နယ်မြေရှင်းလင်းနေဆဲဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရှိရသည်။




FOLLOW US