News

POST TAGGED AS

မီးလောင်မှု

ကယ်လီဖိုးနီးယား မီးလောင်မှုကြောင့် မြေးအဘွားသုံးဦး သေဆုံး


ဝါရှင်တန်၊ ဇူလိုင် ၂၉

ကယ်လီဖိုးနီးယားမြောက်ပိုင်း တောမီးလောင်မှုကြောင့် သေဆုံးသူငါးဦးတွင် ကလေးငယ်နှစ်ဦးနှင့် ၎င်းတို့၏အဘွားတို့ ပါဝင်သည်ဟုသတင်းများအရ သိရှိရကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

မီးသတ်သမားနှစ်ဦး ကြာသပတေးနေ့က သေဆုံးခဲ့ပြီး ၁၇ ဦးပျောက်ဆုံးနေကာ လူထောင်ပေါင်းများစွာ နေအိမ်များကို စွန့်ခွာထွက်ပြေးကြရသည်။

ရှာစတာကောင်တီတွင် လောင်နေသောမီးသည် ပြင်းထန်သည့်လေ၏စုတ်ယူမှုကြောင့် မီးလေပွေသဖွယ်ဖြစ်သွားခဲ့ရာ သစ်ပင်များ အမြစ်မှကျွတ်ထွက်ကာ ကားများပါ ပြောင်းပြန်လှန်သွားခဲ့သည်ဟု မီးသတ်အရာရှိများက ပြောကြားသည်။

မီးသတ်သမားများက မီးကိုငြှိမ်းသတ်ရန် ကြိုးစားနေသော်လည်း ၅ ရာခိုင်နှုန်းသာ ထိန်းချုပ်နိုင်သေးသည်ဟု သိရှိရသည်။

ကားရ်ဟု အမည်ပေးထားသော တောမီးသည် အဆောက်အအုံ ၅၀၀ ခန့်ကို ဖျက်ဆီးခဲ့ပြီး နောက်ထပ်နေအိမ် ထောင်ပေါင်းများစွာကို ခြိမ်းခြောက်နေသည်။

တနင်္လာနေ့က ကားတစ်စီး စက်ချို့ယွင်းရာမှစတင်ခဲ့သော တောမီးသည် ဆန်ဖရန်စစ္စကို တစ်မြို့စာထက် ပိုကြီးသော မြေဧက ၄၈,၀၀၀ ခန့်ကို ဝါးမျိုခဲ့သည်။

ရှာရီဘလက်ဆိုက သူမ၏အဘွား မီလိုဒီဘလက်ဆိုနှင့် ကလေးနှစ်ဦးဖြစ်သော အီမီလီရောဘတ် ၅ နှစ်နှင့် ဂျိမ်းစ်ရောဘတ် ၄ နှစ်တို့ သေဆုံးခဲ့ကြောင်း အတည်ပြုပြောကြားသည်။ ၎င်းတို့သည် ရက်ဒင်းမြို့ရှိ နေအိမ်မှ စွန့်ခွာထွက်ပြေးရန် ကြိုးစားစဉ် မီးထဲတွင် ပိတ်မိသွားခဲ့ခြင်းဖြစ်သည်။

မီလိုဒီ၏ ခင်ပွန်းဖြစ်သူ အက်ဒ်က အခင်းဖြစ်ပွားစဉ် ၎င်းက ဈေးသွားဝယ်နေသောကြောင့် အိမ်ပြန်လာရန် မီလိုဒီက ဖုန်းဆက်ခေါ်ခဲ့သည်ဟု ပြောကြားသည်။ မီလိုဒီသည် အိမ်ထဲတွင် ပိတ်မိနေကြောင်း ရဲထံ ဖုန်းဆက်နေစဉ် ဖုန်းလိုင်းပြတ်တောက်သွားခဲ့သည်ဟု ဆွေမျိုးတစ်ဦးက ပြောကြားသည်။

မီးသတ်အရာရှိ ဂျရယ်မီးစတုတ်နှင့် ဘူဒိုဇာမြေထိုးစက်မောင်းသူတစ်ဦးသည်လည်း မီးငြှိမ်းသတ်ရန် ကြိုးစားနေစဉ် သေဆုံးခဲ့သည်ဟု သိရှိရသည်။

လောလောဆယ် မီးသတ်သမား ၃၄၀၀ ကို ဖြန့်ကြက်ထားသော်လည်း ပူပြင်းခြောက်သွေ့သော ရာသီဥတုကြောင့် မီးက ပိုဆိုးလာနိုင်သည်ဟု နယ်မြေခံ မီးသတ်ဌာနက ပြောကြားသည်။

ဒေသခံ ၃၇,၀၀၀ ခန့်ကို နေအိမ်များမှ ထွက်ခွာကြရန် အာဏာပိုင်များက အတင်းအကျပ် ဖယ်ရှားခဲ့ရသည်။ ဒေသခံ လစ်ဇ်ဝီလျံက “ဒီလောက်ကြောက်စရာကောင်းတဲ့မီးကို တစ်သက်နဲ့တစ်ကိုယ် မကြုံခဲ့ဖူးဘူး” ဟု ပြောကြားသည်။

ကားရ်တောမီးသည် အမေရိကန်ပြည်ထောင်စုတစ်လွှား လက်ရှိလောင်ကျွမ်းနေသော မီးလောင်မှု ၉၀ ထဲမှ တစ်ခုဖြစ်သည်ဟု အမျိုးသား မီးသတ်စင်တာက ပြောကြားသည်။

ကယ်လီဖိုးနီးယားတွင် ဖာဂူဆန်တောမီးကြောင့် မီးသတ်သမားတစ်ဦး သေဆုံးပြီး ယိုဆီမိုက် အမျိုးသားဥယျာဉ်ကို ပိတ်ထားရသည်။ ရေးဗားဆိုက်ကောင်တီမှ ခရန်စတန်တောမီးကလည်း မြေဧက ၁၁၅၀၀ ခန့်ကို လောင်ကျွမ်းခဲ့သည်ဟု သိရှိရသည်။

ယခုအခြေအနေသည် ဆယ်နှစ်အတွင်း တောမီးရာသီ အဆိုးဝါးဆုံး စတင်မှုဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားကြသည်။

F-04



FOLLOW US