News

POST TAGGED AS

မီးလောင်မှု

25-Jul-2018

ဂရိ မီးလောင်မှု
ဂရိတောမီးလောင်ကျွမ်းမှုကြောင့် အနည်းဆုံး ၂၀ သေဆုံးပြီး အမြောက်အမြားဒဏ်ရာရ


အေသင်၊ ဇူလိုင် ၂၄

ဂရိနိုင်ငံအနှံ့အပြားတွင် တောမီးများလောင်ကျွမ်းမှုကြောင့် အနည်းဆုံးလူ ၂၀ ခန့် သေဆုံးခဲ့ပြီး ဒေသအာဏာပိုင်များက နိုင်ငံတကာအကူအညီကို တောင်းခံထားသည်ဟု အစိုးရကပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

တောမီးကို ငြှိမ်းသတ်ရန် မီးသတ်သမားရာပေါင်းများစွာက ကြိုးစားနေကြပြီး အေသင်အနီးတွင် နေထိုင်သူများမှာ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြသည်။

ပင်လယ်ထဲသို့ လှေဖြင့်ထွက်ပြေးသော ကမ္ဘာလှည့်ခရီးသွား ၁၀ ဦးကိုလည်း လိုက်လံရှာဖွေနေသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ 

“ဒီတောမီးကို ထိန်းချုပ်ဖို့အတွက် ကျွန်တော်တို့ လုပ်နိုင်သမျှ ဘာမဆို အစွမ်းကုန်လုပ်ဆောင်သွားမှာပါ” ဟု ဝန်ကြီးချုပ် ဆီပရပ်စ်က ပြောကြားသည်။

တောမီးကြောင့် သေဆုံးသူအရေအတွက် ၂၀ ဦးအထိရှိနေပြီဟု အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီဇာနာကို ပိုလော့စ်က အင်္ဂါနေ့တွင် အတည်ပြုပြောကြားသည်။

သေဆုံးသူအများစုမှာ အေသင် အရှေ့မြောက်ဘက် ပင်လယ်ကမ်းခြေ အပန်းဖြေမြို့ မာတီတွင် ပိတ်မိကာနေအိမ် များနှင့် ကားများအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။ ထိခိုက်ဒဏ်ရာရသူမှာ ကလေး ၁၆ ဦးအပါအဝင် ၁၀၄ ဦးရှိပြီး ၁၁ ဦးမှာ အခြေအနေဆိုးသည်ဟု သိရှိရသည်။

အီကက်ဗ် အရေးပေါ်ကယ်ဆယ်ရေးဌာနမှ မီလ်တီရာဒစ်ဗိုင်ရိုနာ့စ်က ၂၅ ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် လေးဦးမှာ ဆိုးဝါးစွာထိခိုက်ဒဏ်ရာရထားကြောင်း ပြောကြားသည်။

လူမှုမီဒီယာတွင် တင်ထားသော ဗီဒီယိုဖိုင်တွင် ပျက်စီးနေသောအဆောက်အအုံများ၊ လိမ္မော်ရောင်မီးခိုးများဖုံးနေသော ကောင်းကင်နှင့် ကားဖြင့်ထွက်ပြေးလာသူများကို တွေ့မြင်ကြရသည်။

အဆုံးဝါးဆုံးဘေးသင့်သောနေရာမှ ဒေသခံများမှာ မီးတောက်မီးလျှံများမှ လွတ်မြောက်စေရန် ပင်လယ်ထဲသို့ ထွက်ပြေးခဲ့ကြရသည်။ “အဲဒီနေရာမှာ ပင်လယ်ကြီးရှိနေတာ ကျေးဇူးတင်စရာပါပဲ။ မီးတောက်တွေက နောက်ကလိုက်လာတော့ ကျွန်တော်တို့ ပင်လယ်ထဲကိုခုန်ချပြီး အသက်ဘေးက လွတ်လာခဲ့တယ်” ဟု မာတီကမ်းခြေမှ ကိုစတပ်စ်လာဂါနော့စ်က ပြောကြားသည်။

ဝန်ကြီးချုပ် ဆီပရပ်စ်က ကယ်ဆယ်ရေးအဖွဲ့အားလုံးကို စေလွှတ်ထားသည်ဟု ပြောကြားခဲ့ပြီး အေသင်အနီးတစ်ဝိုက် အာတီကာဒေသကို အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။

တောမီးကို ကူညီငြှိမ်းသတ်ပေး ရန်အတွက် ဥရောပတိုင်းပြည်များမှ ရဟတ်ယာဉ်များနှင့် မီးသတ်သမားများကို ဂရိအစိုးရက အကူအညီတောင်းထားသည်။

တောမီးပျံ့နှံ့လာမှုကြောင့် တနင်္လာနေ့အစောပိုင်းတွင် အေသင်အနီးရှိ ကမ်းခြေဒေသများမှ ဒေသခံများအား နေအိမ်များကို စွန့်ခွာတိမ်းရှောင်ကြရန် ညွှန်ကြားခဲ့သည်။ 

ကျောင်းပိတ်ရက် စခန်းချလေ့လာရေးခရီးထွက်လာသော ကလေးငယ်ရာပေါင်းများစွာကိုလည်း မီးဘေးမှ ကယ်ဆယ်ခဲ့ရသည်။

အီတလီ၊ ဂျာမနီ၊ ပိုလန်နှင့် ပြင်သစ် အပါအဝင် ဥရောပနိုင်ငံများက နောက်ထပ်လေယာဉ်ပျံများ၊ မီးသတ်ယာဉ်များနှင့် မီးသတ်သမားများကို စေလွှတ်ပေးထားသည်။ သို့ရာတွင် ရာသီဥတုပူပြင်းမှုကြောင့် မီးသတ်သမားများသည် မီးကိုထိန်းချုပ် နိုင်ရန် အချိန်နှင့် ရင်ဆိုင်ယှဉ်ပြိုင်နေကြရသည်။

F-04



FOLLOW US