News

POST TAGGED AS

မီးလောင်မှု

တရုတ်နိုင်ငံ စက်မှုဇုန် ပေါက်ကွဲမှုတွင် ၁၉ ဦး သေဆုံး


ဘေဂျင်း၊ ဇူလိုင် ၁၄

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရှိ စက်မှုဇုန်တစ်ခုတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၁၉ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ယီဘင်းဟန်ဒါ တက်ကနော်လော်ဂျီ ကုမ္ပဏီက လုပ်ကိုင်နေသောဓာတုပစ္စည်း စက်ရုံတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ကျန်အင်းခရိုင် အာဏာပိုင်များက ပြောကြားကြောင်း ရိုက်တာသတင်းတွင်လည်း ဖော်ပြထားသည်။

တရုတ်လူမှုမီဒီယာတွင် တင်ထားသောဓာတ်ပုံများတွင် အဆိုပါစက်ရုံမှ မီးတောက်မီးလျှံများနှင့် မီးခိုးလုံးများတက်နေသည်ကို မြင်တွေ့ရသည်။

ပေါက်ကွဲမှု၏ အကြောင်းရင်းကိုမူ တိကျစွာမသိရသေးပေ။

ကြာသပတေးနေ့ ညပိုင်းတွင် စတင်လောင်ကျွမ်းခဲ့သော မီးကို သောကြာနေ့ နံနက်အစောပိုင်းတွင် ငြှိမ်းသတ်နိုင်ခဲ့သည်ဟု ဆင်ဟွာသတင်းကဆိုသည်။ မီးလောင် ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူ များမှာလည်း အခြေအနေကောင်းနေပြီဟု သိရှိရသည်။

အဆိုပါပေါက်ကွဲမှုနှင့်ပတ်သက်၍ အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေသည်။ ယီဘင်းဟန်ဒါသည် စားသောက်ကုန်နှင့် ဆေးဝါးလုပ်ငန်းများအတွက် ဓာတုပစ္စည်းများထုတ်လုပ်ပေးသော လုပ်ငန်းဖြစ်သည်။

ပြည်တွင်းမီဒီယာသတင်းများအရစက်ရုံ၏ သုံးထပ်အဆောက်အအုံသည် သံဖရိန်များသာကျန်သည်အထိ မီးလောင်ပျက်စီးသွားခဲ့ပြီး အနီးအနားမှ အဆောက်အအုံများတွင်လည်း ပြတင်းပေါက်များ ကွဲကြေကုန်သည်ဟု သိရှိရသည်။

တရုတ်နိုင်ငံရှိ ဓာတုပစ္စည်းစက်ရုံ များတွင် ဟိုးလေးတကျော် ဘေးသင့်မှုများ မကြာခဏ ဖြစ်ပွားနေသည့်အချိန်တွင် ယခုပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၂၀၁၅ ခုနှစ်ကအရှေ့မြောက်ပိုင်း တီရန်ကျင်းဆိပ်ကမ်းမြို့ရှိ ဓာတုပစ္စည်းဂိုဒေါင်တစ်ခုပေါက်ကွဲမှုတွင် လူပေါင်း ၁၇၃ ဦး သေဆုံးခဲ့ရသည်။

F-04



FOLLOW US