News

POST TAGGED AS

မီးလောင်မှု

ကင်ညာနိုင်ငံဈေးတစ်ခုမီးလောင်ရာ လူ ၁၅ ဦးသေဆုံး၊ မီးကွင်းပစ်မှုဟု ယူဆရ


နိုင်ရိုဘီ၊ ဇွန် ၂၈

ကင်ညာနိုင်ငံ၏ မြို့တော် နိုင်ရိုဘီရှိ ဈေးတစ်ခုတွင် မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅ ဦးသေဆုံးခဲ့ပြီး ၇၀ ကျော်ခန့် ဒဏ်ရာရရှိသွားကြောင်း အာဏာပိုင်များ၏ ပြောကြားချက်ကို BBC သတင်းဌာနက ကိုးကားဖော်ပြသည်။ 

မီးလောင်မှုဖြစ်ပွားသည့်ဈေးမှာ ဂီကွမ်ဘာဟုအမည်ရသည့် လေဟာပြင်ဈေးဖြစ်သည်။ ညသန်းခေါင်ယံအချိန်တွင် စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး ပစ္စည်းအတော်များများ ပျက်စီးဆုံးရှုံးသွားသည်။ ယခုမီးလောင်မှုသည် တမင်သက်သက် မီးရှို့တိုက်ခိုက်ခြင်း ဖြစ်နိုင်သည်ဟူသော ထင်မြင်ပြောဆိုမှုများလည်း ထွက်ပေါ်လျက်ရှိသည်။ 

သို့သော် အာဏာပိုင်များက မီးစတင်လောင်ကျွမ်းရသည့် အကြောင်းရင်းကို ထုတ်ပြန်ခြင်းမရှိသေးပေ။ 

ကင်ညာအရေးပေါ် လူနာစောင့်ရှောက်ရေးအဖွဲ့၏ အဆိုအရ နံနက်စောစောပိုင်း ၂ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဈေး၌ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မိနစ် ၉၀ ခန့်အကြာတွင် အခြားဈေးဆိုင်ခန်းများနှင့် တိုက်ခန်းများကို ကူးစက်လောင်ကျွမ်းသွားသည်။ 

မီးလောင်ကျွမ်းခြင်းကြောင့် သေဆုံးသွားသူအချို့မှာ ၎င်းတို့၏ ပစ္စည်းများ မီးထဲမပါသွားအောင် ကြိုးပမ်းရင်း အဆိပ်ငွေ့ပါသော မီးခိုးများရှူရှိုက်မိခြင်းကြောင့် သေဆုံးခဲ့ကြရခြင်းဖြစ်သည်။ 

ဆေးရုံမှတာဝန်ရှိသူများအဆိုအရ သေဆုံးသွားသူများထဲတွင် ကလေးငယ်များ ပါဝင်သည်။ Reuters သတင်းဌာနက ထုတ်ပြန်သော သတင်းဓာတ်ပုံများတွင် မီးလောင်ပျက်စီးနေသော ဈေးနှင့် အပျက်အစီးများ ပါဝင်သလို ဒဏ်ရာရသူများအား ဆေးရုံများသို့ အရေးပေါ်ခေါ်ဆောင်သွားပုံများလည်း ပါဝင်သည်။ 

အဆိုပါဈေးသည် အဝတ်အစားဟောင်းများ၊ ဖိနပ်ဟောင်းများနှင့် ဟင်းသီးဟင်းရွက်များ အဓိကထားရောင်းချသည့် ဈေးအဖြစ် နိုင်ရိုဘီမြို့တွင် လူသိများထင်ရှားသည်။  

F-01




FOLLOW US