News

POST TAGGED AS

မီးလောင်မှု

ပန်းဆိုးတန်းခုံးကျော်တံတားအနီးတွင် ကွန်တိန်နာယာဉ် မီးလောင်၊ လူတစ်ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၃

ဆိပ်ကမ်းမြို့နယ်၊ မိသားစုရပ်ကွက်၊ ပန်းဆိုးတန်းခုံးကျော်တံတားအနီး ကွန်ကရစ်လမ်းပေါ်တွင် ဇွန်လ ၂ ရက် ည ၁၁ နာရီခွဲခန့်က ကွန်တိန်နာယာဉ်တစ်စီး မီးလောင်ခဲ့ပြီး အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး မီးလောင်သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။ 

ယင်းမီးလောင်ရာနေရာသို့ ကျောက်တံတားမြို့နယ်၊ မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ်နှစ်စီးဖြင့် မီးသတ်တပ်ဖွဲ့ဝင် ၂၅ ဦးမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ သုံးမိနစ်ခန့်အကြာ မီးငြိမ်းသွားပြီး ယင်း မီးလောင်ရာယာဉ်၏ ခေါင်းခန်းအတွင်းမှ အမည်၊ နေရပ်လိပ်စာ မသိရသော အသက် ၃၀ အရွယ်ခန့် အမျိုးသားတစ်ဦး (ယာဉ်မောင်း ဟုတ်မဟုတ် မသိရှိရသေး) ၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ ထိုသို့ ယာဉ်ကိုမီးလောင်ပြီး လူသေဆုံးသည်အထိ ပေါ့ဆစွာအသုံးပြုသူ ယာဉ်မောင်းအမျိုးသားကို ဆိပ်ကမ်း မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၂၈၅/ ၃၀၄-က ဖြင့် အမှုဖွင့်ဆောင်ရွက်ထားသည်။

“ကားက ကွန်တိန်နာ ၁၀ ဘီးကားပါ။ အရောင်က အစိမ်းရောင်၊ နောက်မှာ ကုန်သေတ္တာမပါဘူး၊ ခေါင်းပဲပါတာ။ အဲဒီ ခေါင်းခန်းပဲ မီးလောင်သွားတာ။ မီးလောင်ရတဲ့အကြောင်းရင်းလည်း မသိရသေးဘူး၊ ယာဉ်မောင်း၊ ယာဉ်ပိုင်ရှင်လည်း ဘယ်သူမှန်းမသိရသေးဘူး၊ လမ်းပေါ်မှာ ရပ်ထားရင်း လောင်သွားတာပါ”ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အလားတူ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတောင်ရပ်ကွက်၊ မြေနီကုန်း ခုံးကျော်တံတားပေါ်၊ ဒဂုံစင်တာ (၂) ရှေ့တွင် ဇွန်လ ၂ ရက် မွန်းလွဲ ၁ နာရီခန့်က အင်ဂျင်ခန်း အပူရှိန်လွန်ကဲရာက Toyota Noah အမျိုးအစား အဖြူရောင်ယာဉ်တစ်စီး ၇ မိနစ်ခန့်အကြာ မီးလောင်ခဲ့ပြီး ယင်းမီးလောင်မှုကြောင့် ယာဉ်၏ အင်ဂျင်ခန်း၊ ဒက်ရှ်ဘုတ်၊ ထိုင်ခုံ၊ တာယာဘီးတို့အပါအဝင် စုစုပေါင်းဆုံးရှုံးမှုတန်ဖိုး ကျပ် ၁၅ သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှသိရသည်။

J-16



FOLLOW US