News

POST TAGGED AS

မီးတောင်

ဟာဝိုင်ယီ မီးတောင်ပေါက်ကွဲမှုကြောင့် ခရီးသွားလုပ်ငန်းဒေါ်လာဘီလီယံချီနစ်နာ


ဟိုနိုလူလူ၊ မေ ၂၂

အပန်းဖြေဇိမ်ခံသင်္ဘောများက ဟာဝိုင်ယီကျွန်းမကြီးတွင် ရပ်နားမည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြသည်။ ဟိုတယ်များသည်လည်း ဈေးလျှော့ထားသည့်တိုင် ယခုနှစ်နွေရာသီတွင် နေရာလွတ်များစွာရှိနေသည်။

ဟာဝိုင်ယီမီးတောင်များဆိုင်ရာ အမျိုးသားဥယျာဉ်သို့ နှစ်စဉ်လာရောက်လည်ပတ်သော ခရီးသည် ၂ သန်းခန့်ကို မှီခိုနေရသည့် ဧည့်ဂေဟာပိုင်ရှင်များနှင့် ဧည့်လမ်းညွှန်များမှာ ၎င်းတို့၏ မိသားစုများ အချိန်ကြာမြင့်စွာ ဝင်ငွေမရှိ ဖြစ်မည့်အခြေအနေကို စိုးရိမ်နေကြသည်။

မေလ ၃ ရက်နေ့တွင် မီးတောင်မှ ချော်ရည်ပူများနှင့် အဆိပ်ရှိဓာတ်ငွေ့များ မှုတ်ထုတ်ပြီးနောက်ပိုင်းတွင် ဟာဝိုင်အီ ပြည်နယ်၊ ဟာဝိုင်ယီကျွန်းစုရှိ ကျွန်းကြီးတွင် နွေရာသီဟိုတယ်ကြိုတင်စာရင်းပေးမှုမှာ ၅၀ ရာခိုင်နှုန်းနီးပါးမျှ ကျဆင်းသွားခဲ့ကြောင်း ခရီးသွားလုပ်ငန်းအာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။

ခရီးသည်များအဓိကလည်ပတ်ရာနေရာဖြစ်သော ဥယျာဉ်ကို ပိတ်လိုက်ရခြင်းတစ်ခုတည်းကပင် ကျွန်းအတွက် ဒေါ်လာ ၁၆၆ သန်း နစ်နာစရာဖြစ်သွားခဲ့ကြောင်း အမျိုးသားဥယျာဉ်လုပ်ငန်းက မေလ ၂၁ ရက်နေ့တွင် ထုတ်ပြန်သည်။

ဥယျာဉ်သို့ လာရောက်သော ခရီးသွားများကြောင့် သွယ်ဝိုက်ဖြစ်ပေါ်လာသော အလုပ်အကိုင် ၂၀၀၀ ခန့် ထိခိုက်သွားမည်ကိုပါ ထည့်တွက်ပါက ဒေါ်လာ ၂၂၂ သန်းအထိ ဆုံးရှုံးမှုရှိနိုင်သည်ဟု ဥယျာဉ် လုပ်ငန်း၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ခရီးသွားလုပ်ငန်းသည် ကျွန်းကြီး (Big Island) ဟုထင်ရှားသော ဟာဝိုင်ယီကျွန်းစုမှ ပင်မကျွန်းကြီးအတွက် အဓိကစီးပွားရေးလုပ်ငန်းဖြစ်သလို အဓိက အလုပ်ရှင်လည်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ပုဂ္ဂလိကကဏ္ဍအလုပ်အကိုင် အားလုံး၏ ၃၀ ရာခိုင်နှုန်းကျော်မှာ ခရီးသွားလုပ်ငန်းမှ ဖြစ်သည်။

မီးတောင်သည် ငြိမ်သက်မည့်အသွင် မရှိသေးပေ။ လက်ရှိပေါက်ကွဲမှုသံသရာသည် ကမ္ဘာပေါ်တွင် အလှုပ်ရှားဆုံးမီးတောင်များအနက်မှ တစ်ခုဖြစ်သော ကီလော်အေရာ မီးတောင်၏ ရာစုနှစ်တစ်ခုအတွင်း ပေါက်ကွဲမှုများထဲတွင် အဆိုးဆုံးဖြစ်သည်ဟု ဘူမိဗေဒပညာရှင်များက သုံးသပ်ထားသည်။ ၁၉၅၅ ခုနှစ် ကီလော်အေရာ မီးတောင်ပေါက်ကွဲစဉ်က ၈၈ ရက်မျှ ကြာမြင့်ခဲ့သည်။

ကျွန်းသို့လာလာမည့် ခရီးသွားများမှာ ချော်ရည်ပူများက နေအိမ်များကို လောင်ကျွမ်းသွားပုံ၊ စစ်သားများဓာတ်ငွေ့ ကာမျက်နှာဖုံးများကို ဝတ်ဆင်ထားပုံ၊ ကျောက်ရည်ပူများ ပစိဖိတ်သမုဒ္ဒရာတွင်းသို့ စီးဆင်းနေပုံများကို မြင်တွေ့ခဲ့ပြီးလာရောက်ရန် တွန့်ဆုတ်နေကြသည်။

ကီလော်အေရာမီးတောင်၏ ချော် ရည်စီးဆင်းနယ်နိမိတ်မှာ ၁၀ စတုရန်းမိုင် ပတ်လည်သာရှိပြီး အရှေ့တောင်ပိုင်း ပူနာခရိုင်တစ်ဝိုက်သာဖြစ်သော်လည်း မီးတောင်၏ ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှုမှာမူ ကြီးမားလျက်ရှိပြီးဒေသခံ ၂ သိန်းအတွက် စိုးရိမ်စရာဖြစ်နေသည်။

F-03



FOLLOW US