News

POST TAGGED AS

မီးရထား

တညင်းကုန်း-အင်းစိန် ရထားလမ်းပိုင်း အဆင့်မြှင့်လုပ်ငန်း မေလကုန် အပြီးဆောင်ရွက်မည်
ရန်ကုန်၊ မေ ၁၄

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းအနေနှင့် ကနဦး ရထားအနောက်ခြမ်းရှိ တညင်းကုန်း-အင်းစိန်လမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မေလကုန်အပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါလမ်းပိုင်းလုပ်ငန်း ဆောင်ရွက်မှုများကို မေလ ၁၂ ရက်က ရန်ကုန်ဘူတာကြီးမှ RBE အထူးရထားဖြင့် မြန်မာ့မီးရထားမှ စီမံကိန်းဒါရိုက်တာနှင့် အထွေထွေမန်နေဂျာများ၊ တိုင်းအရာရှိများ၊ ကြီးကြပ်ရေးမှူးများမှာ လက်ဝဲရစ်မြို့ပတ်၍ လမ်းပိုင်းစစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကာ မေလအကုန်တွင် မြို့ပတ်အတွင်းလမ်းအား အပြီးဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ခဲ့ကြောင်း မြန်မာ့မီးရထားထံမှသိရသည်။

“အခုလက်ရှိ တာဝန်ရှိသူတွေက လုပ်ငန်းဆောင်ရွက်မှုတွေကို ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်နေတယ်။ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်အလိုက် လုပ်နေတယ်။ ဒီအပိုင်းပြီးရင် ကြည့်မြင်တိုင်-အင်းစိန်လမ်းပိုင်းကို လုပ်ငန်းစမှာဖြစ်တယ်”ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တညင်းကုန်း-အင်းစိန် လမ်းပိုင်းအနေနှင့် ရထားသံလမ်းမြှင့်တင်ခြင်း၊ သံလမ်းတစ်လျှောက် ကျောက်ခင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး မိုးကာလတွင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ယာယီရပ်နားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ရထား အနောက်ခြမ်းရှိဘူတာများမှာ ဘုရားလမ်း၊ လမ်းမတော်၊ ပြည်လမ်း၊ ရှမ်းလမ်း၊ အလုံလမ်း၊ ပန်းလှိုင်လမ်း၊ ကြည့်မြင်တိုင်၊ ဟံသာဝတီ၊ လှည်းတန်း၊ ကမာရွတ်၊ သီရိမြိုင်၊ အုတ်ကျင်း၊ သမိုင်း၊ သမိုင်းမြို့သစ်၊ ကြို့ကုန်း၊ အင်းစိန်၊ ရွာမ၊ ဖော့ကန်၊ အောင်ဆန်း၊ တညင်းကုန်း၊ ဂေါက်ကွင်း၊ ကျိက္ကလဲ့၊ မင်္ဂလာဒုံဈေး၊ မင်္ဂလာဒုံ၊ ဝေဘာဂီ၊ ဥက္ကလာပ၊ ပုရွက်ဆိတ်ကုန်း၊ ကျောက်ရေတွင်း၊ တံတားကလေး၊ ရေကူး၊ ပါရမီ၊ ကံဘဲ့၊ ဘောက်ထော်၊ တာမွေ၊ မေတ္တာညွှန့်၊ မလွှကုန်း၊ ပုဇွန်တောင်၊ စက်မှု ဇုန်-၂၊ ရွှေပြည်သာ၊ သာဓုကန်၊ လှော်ကားဘူတာတို့ဖြစ်သည်။

အဆိုပါ ရထားအနောက်ခြမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်းကို ဖေဖော်ဝါရီလ ၂၁ ရက်က တင်ဒါအောင်မြင်သည့် A1 ကုမ္ပဏီက စတင်လုပ်ငန်းလုပ်ကိုင်ခဲ့ပြီး ရထားလမ်းအရှေ့ခြမ်းကို ရွှေတောင်ကုမ္ပဏီက လုပ်ကိုင်နေကြောင်း မြန်မာ့မီးရထားထံမှသိရသည်။

J-06



FOLLOW US