News

POST TAGGED AS

မီးရထား

ရန်ကုန်မြို့ပတ်ရထားလမ်းအနောက်ခြမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဇွန်လတွင် ယာယီ ရပ်နားမည်

ရန်ကုန်၊ မတ် ၃၁

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းဆောင်ရွက်ရာတွင် ကနဦး စလုပ်ကိုင်နေသည့် ရထား လမ်းအနောက်ခြမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ဇွန်လတွင် ယာယီရပ်နားမည် ဖြစ်ကြောင်း အဆိုပါစီမံကိန်းမှ တာဝန်ရှိတစ်ဦးက ပြောကြားသည်။

“အခုလက်ရှိ တာဝန်ရှိသူတွေက လုပ်ငန်းဆောင်ရွက်မှုတွေကို ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်နေတယ်။ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်အလိုက် လုပ်နေတယ်။ ဒါပေမဲ့ မိုးတွင်းကာလမှာ ရပ်နားမှာဖြစ်တယ်”ဟု ၎င်းကဆိုသည်။

မတ်လ ၃၁ ရက်က မြန်မာ့မီးရထား တာဝန်ရှိသူများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများ RBE 3004 ရထားဖြင့် လက်ယာရစ်လိုက်ပါလျက် မြို့ပတ်အဆင့်မြှင်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများကို စစ်ဆေးခဲ့ပြီး အင်းစိန်-တညင်းကုန်းလမ်းပိုင်းရှိ ရထားသံလမ်းမြှင့်တင်ခြင်း၊ သံလမ်းတစ်လျှောက် ကျောက်ခင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေပြီးဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

“ဒီအပိုင်းပြီးရင် ကြည့်မြင်တိုင်-အင်းစိန်လမ်းပိုင်းကို လုပ်ငန်းစမှာဖြစ်တယ်။ သင်္ကြန်တွင်းလည်း လုပ်ငန်းယာယီ ရပ်နားမှာဖြစ်တယ်”ဟု ရန်ကုန်မြို့ပတ် ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအနေနှင့် မြို့ပတ်ရထားလမ်း အရှေ့ခြမ်းကို မိုးတွင်းကာလအပြီး (ဇွန်လ)တွင် အဆင့်မြှင့်တင်လုပ်ငန်း စတင်မည်ဖြစ်ပြီး လက်ရှိ အဆိုပါ အရှေ့ခြမ်းတွင် လမ်းပိတ်ရန် မလိုသော လုပ်ငန်းအချို့ လုပ်ကိုင်နေကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ အဆင့်မြှင့်တင်ခြင်း စီမံကိန်းအနေနှင့် မြို့ပတ်ရထားလမ်းအနောက်ခြမ်းကို ဖေဖော်ဝါရီလ ၂၁ ရက်က တင်ဒါ အောင်မြင်သည့် A1 ကုမ္ပဏီက လုပ်ငန်းလုပ်ကိုင်လျက်ရှိပြီး အရှေ့ခြမ်းကို ရွှေတောင်ကုမ္ပဏီက လုပ်ကိုင်နေကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

J-06



FOLLOW US