News

POST TAGGED AS

မီးရထား

အိန္ဒိယမှဝယ်သည့် ရထားစက်ခေါင်းနှစ်ခေါင်း ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် သုံးမည်
ရန်ကုန်၊ မတ် ၂၆

အိန္ဒိယနိုင်ငံချေးငွေဖြင့် ဝယ်ယူထားသော ရထားစက်ခေါင်း ၁၈ ခေါင်းအနက် နှစ်ခေါင်းကို ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် ထည့်သွင်းအသုံးပြုမည်ဖြစ်ကြောင်း မြန်မာ့မီးရထား (စက်ခေါင်းဌာန) ဒုတိယအထွေထွေ မန်နေဂျာဦးမြင့်စိုးက ပြောကြားသည်။

အဆိုပါစက်ခေါင်းများကို အိန္ဒိယနိုင်ငံချေးငွေဖြင့် ဝယ်ယူထားခြင်းဖြစ်ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနထံ မတ်လ ၁၉ ရက်က အပြီးသတ် လွှဲထားပြီးဖြစ်သည်။

“နောက်ဆုံးရောက်တဲ့ စက်ခေါင်းတွေကို ကုန်တွဲနဲ့တွဲပြီး တပ်ဆင်စမ်းသပ်တာ ကုန်တွဲမပါဘဲ စက်ခေါင်းပဲ စမ်းသပ်တာတွေ လုပ်ဆောင်ထားတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ စက်ခေါင်း ၁၈ ခေါင်းဝယ်ယူရေးလုပ်ငန်းအတွက် ၂၀၁၆ ခုနှစ်၊ မတ်လက သဘောတူစာချုပ်ချုပ်ဆိုခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဇူလိုင်လတွင် ခြောက်ခေါင်း၊ နိုဝင်ဘာလတွင် ခြောက်ခေါင်းရောက်ရှိကာ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတွင် ထည့်သွင်းအသုံးပြုထားကြောင်း ၎င်းက ပြောကြားသည်။

နောက်ဆုံးရောက်ရှိသည့် ရထားစက်ခေါင်း ခြောက်ခေါင်းအနက်လေးခေါင်းကို မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်း၊ နှစ်ခေါင်းကို ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် ယခုနှစ်အတွင်း ထည့်သွင်းအသုံးပြုမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဝယ်ယူထားသည့်စက်ခေါင်းမှာ အိန္ဒိယနိုင်ငံ Varanasi မြို့ရှိ DLW စက်ရုံထုတ် ဒီဇယ်လျှပ်စစ်စက်ခေါင်း အမျိုးအစားဖြစ်ပြီး စက်ခေါင်းတစ်ခေါင်းလျှင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ သန်း ရှိကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံအကြား မီးရထားကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ချေးယူခဲ့ပြီး စက်ခေါင်းများဝယ်ယူခြင်း၊ မြန်မာ့မီးရထား အခြေခံအဆောက်အဦများ ပြန်လည်ပြုပြင် ထိန်းသိမ်းရေးတို့အတွက် သုံးစွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အမြန်ရထား ၄၂ စင်းရှိပြီး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပြည်၊ နေပြည်တော်၊ ပုဂံ စသည့် ခရီးစဉ်တို့ကို ပြေးဆွဲလျက်ရှိကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

J-06



FOLLOW US