News

POST TAGGED AS

မီတာစနစ်

ငွေကြေးလိမ်လည်သည့် လျှပ်စစ်ဝန်ထမ်းကို အရေးယူပေးရန်တိုင်ကြား
ဟင်္သာတ၊ ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ လျှပ်စစ်အင်ဂျင်နီယာမှူးရုံးမှဟုပြောဆိုကာ မီတာနှင့် ဓာတ်ကြိုးများချထားပေးရန် ငွေကြေး လိမ်လည်တောင်းခံသွားသည့် လျှပ်စစ်ဝန်ထမ်းတစ်ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ ဇူလိုင်လ ၂၆ ရက်နေ့က တိုင်ကြားထားကြောင်း ဦးတင်ဝင်းက ပြောကြားသည်။

လျှပ်စစ်မီတာ အမြန်တပ်ဆင်ပေးရန်နှင့် လမ်းမီးထွန်းရန် မီးကြိုးများ ချထားပေးမည်ဟုပြောဆိုကာ ကျပ်လေးသိန်း ခွဲတောင်းခံသွားသည့် တိုင်းလျှပ်စစ်ဌာနမှ ဇင်ဝင်းထိုက် (ခ) ဆင်ကြီးသည် ဧပြီလ ၂ ရက်နေ့မှ ဇူလိုင်လ ၂၅ ရက်နေ့အထိ မီတာနှင့် မီးကြိုးများ လာရောက်တပ်ဆင်ပေးခြင်း မရှိသောကြောင့် ဇူလိုင်လ ၂၆ ရက်နေ့တွင် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းအပြင် ဇင်ဝင်းထိုက်၏ လက်ကိုင်ဖုန်းများကို ဆက်သွယ်ခဲ့ရာ အမြန်ပို့ပေးမည်ဟု ပြောဆိုသော်လည်း နောက်ပိုင်းတွင် ဆက်သွယ်၍ မရတော့ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ထောင်စု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် အပါအဝင် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ထံ တိုင်စာများ ပေးပို့ထားပြီး တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာမှူးထံ တယ်လီဖုန်းဖြင့် သုံးကြိမ်၊ လူကိုယ်တိုင် တွေ့ဆုံ၍တစ်ကြိမ် တိုင်ကြားခဲ့ပြီး တိုင်စာလည်း ပေးပို့ထားကြောင်း၊ အဓိကရည်ရွယ်ချက်မှာ အများပြည်သူအနေနှင့် လိမ်လည်ခံရမှု ထပ်မံ မဖြစ်ပွားစေရေးအတွက်ဖြစ်ကြောင်း ဦးတင်ဝင်းက ရှင်းပြသည်။

လျှပ်စစ်ဝန်ထမ်း ဇင်ဝင်းထိုက်ဆိုသူမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ လျှပ်စစ်ရုံးမှဖြစ်ပြီး ဦးတင်ဝင်းက လာရောက်တိုင်တန်းခဲ့သည်မှာ မှန်ကန်ကြောင်း၊ ဦးတင်ဝင်းတိုင်တန်းပြီးနောက် ဇင်ဝင်းထိုက်သည် ရုံးလုပ်ငန်းများနှင့် ကင်းကွာခဲ့ပြီး အဆက်အသွယ်မရခဲ့ဘဲ လတ်တလောတွင် ၎င်းမှာ ခွင့်မဲ့ပျက်ကွက်ဖြစ်နေခြင်းကြောင့် အရေးယူနိုင်ရန်တင်ပြထားကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ လျှပ်စစ်အင်ဂျင်နီယာမှူး ဦးစဝင်းနိုင်က ပြောကြားသည်။ 

R-13



FOLLOW US