News

POST TAGGED AS

မိုးကြိုးထိမှန်

ပင်လည်ဘူးတွင် မိုးကြိုးပစ်ခံရ၍ နွား ၁၆ ကောင် သေဆုံး


ကလေး၊ မေ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်တွင် မေလ ၂၈ ရက်နေ့ နံနက်ပိုင်းက မိုးကြိုးပစ်ခံရမှုကြောင့် နွား ၁၆ ကောင် တစ်ပြိုင်နက်တည်း သေဆုံးခဲ့ကြောင်း အထက်ပြစ်ဆိုင် ကျေးရွာဒေသခံများက ပြောကြားသည်။

ယင်းနေ့ နံနက် ၁၀ နာရီကျော်က ပင်လည်ဘူးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့ဖြစ်ပေါ်ခဲ့ရာ မိုးကြိုးပစ်ခြင်းကြောင့် အထက်ပြစ်ဆိုင်ကျေးရွာ အနောက်ဘက် လယ်တောအစပ် နွားစားကျက်ရှိ နွား ၁၆ ကောင် သေဆုံးခဲ့ကြောင်း အထက်ပြစ်ဆိုင် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

“နွားတွေက လွှတ်ကျောင်းထားတာ။ မနေ့ကမိုးရွာတော့ သူတို့လည်း ဝါးရုံပင်အောက်မှာ မိုးဝင်ခိုတာနေမှာ။ အဲဒါမိုးကြိုးပစ်ခံရပြီး သေသွားတာ။ ဒီနေ့မနက်ပဲ မြှုပ်လိုက်ပြီ”ဟု အထက်ပြစ်ဆိုင်ကျေးရွာနေ ဦးနေလင်းထွန်းက ပြောဆိုသည်။

မေလ ၂၇ ရက်နေ့နှင့် မေလ ၂၈ ရက် နေ့ ၂ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လေပြင်းတိုက်ခြင်းကြောင့် ကလေးမြို့တွင် အမိုးလန်သည့် နေအိမ် ၁၂ လုံး၊ ဘုတလင်မြို့တွင် ပြိုကျသည့် နေအိမ် ၄ လုံး နှင့် အမိုးလန်သည့် နေအိမ် ၉၁ လုံး၊ တန့်ဆည်မြို့တွင် အမိုးလန်နေအိမ် ၂၇ လုံး၊ ချောင်းဦးမြို့တွင် နေအိမ် ၁၂ လုံး အမိုးလန် ပျက်စီးခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းကာ တောင်ကျချောင်းရေများ ကျဆင်းကမ်းပါးပြိုသဖြင့် ကလေးဝမြို့နယ်အတွင်းရှိ နေအိမ် ၆ လုံး ပြောင်းရွှေ့ခဲ့ရကာ ကလေးမြို့နယ်တွင် မိုးကြိုးပစ်ခြင်းကြောင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနထံမှ သိရသည်။ 

R-20




FOLLOW US