News

POST TAGGED AS

မိုးကြိုးထိမှန်

ဧရာဝတီတိုင်းတွင်​ ​မိုးကြိုးပစ်ခံရ၍ နှစ်​ရက်​အတွင်း ၃ ဦး သေဆုံး
ပုသိမ်​၊ မေ ၄ 

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဝါးခယ်မမအူပင်နှင့် လပွတ္တာမြို့နယ်များတွင် မေလ ၂ ရက်နေ့နှင့် မေလ ၃ ရက်နေ့က မိုးကြိုးပစ်ခံရသဖြင့်​ အမျိုးသား ၃ ဦး ​သေဆုံးခဲ့​​ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်​။

မေလ ၂ ရက်နေ့ ညနေ ၅ နာရီခန့်က မအူပင်​မြို့နယ် အင်းတေးကျေးရွာထိပ်တွင် စတီးလ်သံတိုသံစနှင့် ဆံပင်များ လိုက်လံဝယ်ယူနေသည့် အသက်​ ၂၉ နှစ်​ရှိ ဦးလှချစ် မိုးကြိုးပစ်ခံရပြီး သေဆုံးခဲ့ပြီး​နောက်​ ထိုနေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန်ခန့်က ဝါးခယ်မမြို့နယ်၊ အုန်းပင်စုကျေးရွာနေ အသက်​ ၃၅ နှစ်​ရှိ ဦးမိုးဝင်း ဒေသကြီးရဲတပ်ဖွဲ့မှုးရုံးမှ လယ်ကွင်းအတွင်း ပျိုးပင်ချနေချိန် မိုးသည်းထန်စွာရွာလာပြီး မိုးကြိုးပစ်ခံရ​​၍ သေဆုံးခဲ့ခြင်းဖြစ်​​ကြောင်းဧရာဝတီတိုင်း ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။

ယင်း​နောက်​ မေလ ၃ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်က လပွတ္တာမြို့နယ်၊ ကန်သာယာကျေးရွာနေ အသက်​ ၁၉ နှစ်​ရှိ မောင်ဝင်းကိုသည် လယ်ကွင်းအတွင်း ဂဏန်းထောင်နေချိန် မိုးကြိုးပစ်ခံရပြီး ထပ်မံသေဆုံးခဲ့ကြောင်း ယင်းက ဆက်​လက်​​ပြောကြားသည်​။

"ဖြစ်​ပျက်​မှုက လယ်ကွင်းနဲ့ ရွာအပြင်ဘက်ကွင်းပြင်​​တွေမှာ မိုးကြိုးပစ်​ရပြီး သေဆုံးမှုဖြစ်ပွားတာ တွေ့ရတယ်​" ဟု ဒုတိယရဲမှူးကြီး ခင်​​မောင်​လတ်​က မှတ်​ချက်​ပြုသည်​။

မိုးကြိုးပစ်ခံရ၍ ​သေဆုံးခဲ့ကြသည့်​ မအူပင့်မြိုနယ်​မှ ဦးလှချစ်​သေဆုံးခဲ့မှုကို မအူပင်​မြို့နယ်​ ကျွဲဒုံးနယ်မြေရဲစခန်းကလည်း​ကောင်း၊ ​ဝါးခယ်မမြို့နယ်၊ အုန်းပင်စုကျေးရွာနေသူ ဦးမိုးဝင်းသေဆုံးမှုကို ငှက်ပျောချောင်းနယ်မြေရဲစခန်းက လည်း​ကောင်း လပွတ္တာမြို့နယ်၊ ကန်သာယာကျေးရွာနေ မောင်ဝင်းကို သေဆုံးမှုကို ကန်ဘက်နယ်မြေရဲစခန်းက လည်း​ကောင်း ​သေမှု​သေခင်း ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မောင်​မျိုးထက်​ (ပုသိမ်​) R-12



FOLLOW US