News

POST TAGGED AS

မိုးလေဝသ

12-Jul-2018

မိုးလေဝသ
ရန်ကုန်၊ မွန်နှင့် ကရင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးမည်

ရန်ကုန်၊ ဇူလိုင် ၁၂

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မုတ်သုံလေအားကောင်းလာနိုင်ရာ မြန်မာနိုင်ငံတစ်ဝန်း နေရာအနှံ့အပြားမိုးရွာနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်မိုးဦးက ပြောကြားသည်။

ဇူလိုင်လ ၁၃ ရက်နေ့တွင် ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီး ဇူလိုင်လ ၁၅ ရက်နေ့ ဝန်းကျင်၌ အိန္ဒိယနိုင်ငံဘက်သို့ ရွေ့လျားဝင်ရောက်နိုင်ကြောင်း၊ ယင်းအရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝန်း ဒေသအလိုက် မိုးများနိုင်သဖြင့် ရေကြီးခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို သတိပြုသင့်ကြောင်း ၎င်းက ပြောဆိုသည်။

“ကမ်းရိုးတန်းတွေမှာ မိုးများမယ်။ လေဖိအားနည်းရပ်ဝန်းဖြစ်လာရင်လည်း အလယ်ပိုင်းတွေမှာလည်း မိုးအနည်းငယ် ရမယ်။ ရန်ကုန်မှာလည်း မိုးများနိုင်တယ်”ဟု ဒေါက်တာကျော်မိုးဦးကဆိုသည်။

မုတ်သုံလေအားအလွန်ကောင်းနေသည့်အချိန်၌ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မိုးသက်လေပြင်းတိုက်ခတ်ခြင်းတို့လည်း ဒေသအလိုက်ဖြစ်ပေါ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယင်းသို့မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပြီး မြစ်ဝကျွန်းပေါ်ဒေသ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့်မှာ ၁၀ ပေမှ ၁၂ ပေခန့်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၁ ပေခန့်ရှိနိုင်ကြောင်း သတိပေးထားသည်။

ထို့ပြင် ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဇူလိုင်လ ၁၃ ရက်နေ့အတွက် ခန့်မှန်းချက်ထုတ်ပြန်ထားသည်။

E-03



FOLLOW US