News

POST TAGGED AS

မိုးလေဝသ

27-May-2018

မိုးလေဝသ
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွန်းပေါ်ဒေသ မိုးသက်လေပြင်းကျနိုင်


ရန်ကုန်၊ မေ ၂၇

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့ (မေလ ၂၇ ရက်) မှစ၍ နောက်နှစ်ရက်အတွင်း ရခိုင်ကမ်းရိုးတန်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသတို့တွင် နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။ 

လေဖိအားနည်းရပ်ဝန်းသည် အားကောင်းလာနိုင်ပြီး ယင်းအရှိန်ကြောင့် ရန်ကုန်အပါအဝင် ဒေသအလိုက် နေရာကွက်၍ မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း၊ ထို့ပြင် ကမ်းရိုးတန်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသတို့တွင် မိုးသက်လေပြင်းကျစဉ် တစ်နာရီလျှင် မိုင် ၄၀ ခန့်အထိ လေပြင်းတိုက်ခတ်နိုင်ပြီး မိုးကြီးနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

“မြန်မာနိုင်ငံအလယ်ပိုင်းအထိ မိုးရနိုင်တယ်။ နေရာကွက်ပြီး မိုးကြီးတာတွေဖြစ်နိုင်တယ်”ဟု ဒေါက်တာကျော်မိုးဦးက သတိပေးပြောဆိုသည်။ 

အဆိုပါလေဖိအားနည်းရပ်ဝန်းသည် မေလ ၂၈ရက်နေ့နှင့် ၂၉ ရက်နေ့ဝန်းကျင်တွင် အားကောင်းကာ မုန်တိုင်းငယ်အဆင့်အထိ ရောက်လာနိုင်သဖြင့် သတိထားစောင့်ကြည့်ရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ယနေ့ညနေပိုင်းအထိ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းထားသည်။

ဓာတ်ပုံ - မိုး/ဇလ
E-03



FOLLOW US