News

POST TAGGED AS

မိုးလေဝသ

ယခုနှစ်ဆန်းပိုင်းအတွင်း အကြိမ် ၅၀ ကျော် ငလျင်လှုပ်
မန္တလေး၊ မတ် ၁၂

မြန်မာနိုင်ငံ၌ ယခုနှစ်ဆန်းပိုင်းအတွင်း ငလျင် ၅၂ ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောကြားသည်။

“ငလျင်ကလည်း လှုပ်နေတာပေါ့။ လက်ရှိကတော့ လှုပ်ရှားမှုကလည်း များလာတယ်။ သတင်းထုတ်ပြန်ရတာလည်း များလာတယ်။ သုတေသနပြုလုပ်မှုတွေအရ ပဲခူး၊ ရခိုင်၊ ပျဉ်းမနား၊ သာစည်အပိုင်းတွေမှာ ငလျင်လှုပ်နိုင်ခြေအလားအလာ ရှိတယ်”ဟု ၎င်းက ပြောဆိုသည်။

၂၀၁၈ ခုနှစ် ဇန်နန်ဝါရီလ ၁ ရက် နေ့မှ မတ်လ ၁၁ ရက်နေ့ထိ ငလျင် ၅၂ ကြိမ်လှုပ်ခတ်ခဲ့ပြီး အင်အား ၃ ဒသမ အဆင့်မှ ၅ ဒသမ ၈ အဆင့်ရှိသော အင်အားအသင့်အတင့်ရှိ ငလျင်များဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာန စာရင်းများအရသိရသည်။

မြန်မာနိုင်ငံအတွင်း၌ စစ်ကိုင်းပြတ်ရွေ့၊ မြန်မာနိုင်ငံအနောက်ပိုင်းတွင် အိန္ဒိယမြေထုချပ်နှင့် မြန်မာမြေထုချပ် ပွတ်တိုက်ရွေ့လျားရာ တစ်လျှောက်တွင် ငလျင်လှုပ်လေ့ရှိကြောင်း၊ ငလျင်လှုပ်ရှားမှုများကို တိုင်းတာရန်အတွက် ရန်ကုန်နှင့်မန္တလေးမြို့တွင် အန်နာလော့စနစ်ဖြင့် ငလျင်တိုင်းတာသည့် စခန်းနှစ်ခု၊ မန္တလေး၊ ရန်ကုန်၊ ရခိုင်၊ ချင်း၊ ရှမ်း၊ ကချင်ပြည်နယ်တို့တွင် ဒစ်ဂျစ်တယ်စနစ်ဖြင့် တိုင်းတာသည့် စခန်းပေါင်း ၁၂ ခုထိ ရှိနေကြောင်း၊ ငလျင်ကွန်ရက်ပိုမိုတိုးတက်လာသည်နှင့်အမျှ ငလျင်လှုပ်ခတ်မှုများကိုလည်း ပိုမိုတိုင်းတာနိုင်ပြီး ထုတ်ပြန်ပေးလာနိုင်ကြောင်းလည်း ယင်းဌာနထံမှ သိရသည်။

ဘူမိဗေဒ သုတေသနပြုလုပ်မှုများနှင့် ငလျင်တိုင်းတာသည့်စက်များဖြင့် တိုင်းတာ သုတေသနပြုလုပ်ချက်များအရ စစ်ကိုင်းပြတ်ရွေ့လှုပ်ရှားမှုများသည် နှစ်ပေါင်း ၈၀ မှ ၁၀၀ ဝန်းကျင်တွင် လှုပ်ခတ်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ စစ်ကိုင်းပြတ်ရွေ့အပိုင်းသည် ၁၉၅၆ ခုနှစ်က နောက်ဆုံးလှုပ်ခတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီထံမှလည်း သိရသည်။

“သုတေသနပြုလုပ်မှုတွေအရ ငလျင်ကြီးတွေ မလှုပ်ခတ်ခင်မှာ ငလျင်ငယ်လေးတွေ လှုပ်တာကိုတွေ့ရတယ်။ တချို့ကျတော့လည်း ငလျင်ငယ်လေးတွေ လှုပ်ခတ်တာမျိုးတွမရှိဘဲနဲ့ ငလျင်ကြီး လှုပ်တာမျိုးတွေလည်းရှိတယ်။ သူတို့နှစ်ခုက ရာခိုင်နှုန်းထက်ဝက်စီပဲ။ တိတိကျကျပြောဖို့ရာတော့ ခက်ပါတယ်”ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောကြားသည်။

စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံမြောက်ပိုင်းမှ မုတ္တမပင်လယ်ကွေ့အထိ ကီလိုမီတာ ၁၂၀၀ ခန့် သွယ်တန်းလျက်ရှိကာ မန္တလေး၊ အမရပူရ၊ အင်းဝ၊ စစ်ကိုင်းဒေသများတွင် သက္ကရာဇ် ၁၄၀၀ ခန့်မှစတင်၍ အင်အားပြင်းထန်သည့် မြေငလျင်များစွာလှုပ်ခတ်ခဲ့ကြောင်း၊ ယင်းတို့အနက် ၁၈၃၉ ခုနှစ်တွင် လှုပ်ခတ်ခဲ့သည့် အင်းဝငလျင်၊ ၁၉၅၆ ခုနှစ်က လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်တို့မှာ သိသာထင်ရှားသည့် ငလျင်များဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ ထုတ်ပြန်ချက်များအရ သိရသည်။

M-05



FOLLOW US