News

POST TAGGED AS

မိဘမဲ့

မိဘမဲ့ကျောင်းဆောက်မှု တားမြစ်ခံရ၍ အခက်တွေ့


မုံရွာ၊ မတ် ၎

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ နောင်ပဂျစ်ရပ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ငွေကြယ်စင် ပရဟိတအသင်း၏ မိဘမဲ့ကျောင်း အဆောက်အအုံ ဆက်လက်ဆောက်လုပ်ရန် အခက်အခဲဖြစ်နေကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက မုံရွာမြို့တွင် မတ်လ ၄ ရက်နေ့က ပြုလုပ်သည့် ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။

အဆိုပါအသင်းကို လွန်ခဲ့သည့် ၁၀ နှစ်ခန့်မှ စတင်တည်ထောင်ခဲ့ပြီး မိဘမဲ့ကလေးများ၊ ခိုကိုးရာမဲ့ကလေးများကို လက်ခံ၍ အတန်းပညာများ သင်ပေးနေကြောင်း ယင်းအသင်းထံမှ သိရသည်။ 

ယခင်က မြေနေရာငှားရမ်း ဖွင့်လှစ်ခဲ့ရာမှ ကျောင်းနေရာ အလှူရှင်ပေါ်ပေါက်ခဲ့၍ ၂ ဧက အကျယ်အဝန်းမြေကို ကျောင်းနှင့် သက်ကြီးရွယ်အိုများခိုလှုံရန် အဆောက်အအုံကို ၂၀၁၅ ခုနှစ်က ဆောက်လုပ်ခဲ့ရာ ဟုမ္မလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဌာနက လယ်ယာမြေအခြားနည်း အသုံးပြုခွင့်ဆိုင်းငံ့ကာ အဆောက်အအုံဆောက်ခြင်းကို အကြိမ်ကြိမ် ကန့်ကွက်နေသောကြောင့် အခက်အခဲဖြစ်နေရကြောင်း အသင်းတာဝန်ရှိပုဂ္ဂိုလ် ဒေါ်ခင်ထွေးမြင့်က ပြောကြားသည်။

“KG တန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား ၁၉ ဦးရဲ့ ရှေ့ရေးက မရေမရာဖြစ်နေပါတယ်။ အဆောက်အအုံ ဆောက်လုပ်ခွင့်ကို ထွေ/အုပ်ရုံးက စာထွက်တားဆီးထားလို့ ကလေးတွေ နေစရာမရှိဖြစ်တော့မယ်။ ငှားထားတဲ့ အိမ်ငှားက အခုလကုန် ပြည့်မှာဆိုတော့ ကလေးတွေ ရှေ့ရေးအတွက် ပူပန်နေရပါတယ်”ဟု ၎င်းက ပြောဆိုသည်။ 

အဆိုပါ အဆောက်အအုံနှစ်လုံးမှာ ဆောက်လက်စ အနေအထားတွင်ရှိနေပြီး အထွေထွေအုပ်ချုပ်ရေးရုံးက သုံးကြိမ်စာပို့ တားမြစ်ထားပြီး တိုင်းအစိုးရထံ ယမန်နှစ်က တင်ပြခဲ့သော်လည်း ထူးခြားခြင်းမရှိ၍ အခက်အခဲဖြစ်နေရကြောင်း ယင်းအသင်းထံမှ သိရသည်။ 

ယင်းကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် ဟုမ္မလင်းမြို့နယ်၊ အုပ်ချုပ်ရေးမှူးထံသို့ The Voice က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရဘဲ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်နိုင်စိုးကို ထပ်မံဆက်သွယ် မေးမြန်းရာတွင်မူ ၎င်းအနေနှင့် ပြောင်းရွှေ့လာသည်မှာ မကြာမြင့်သေးသည့်အတွက် အုပ်ချုပ်ရေးမှူးထံသာ မေးမြန်းရန် ပြန်လည်ဖြေကြားခဲ့သည်။ 

R-08




FOLLOW US