News

POST TAGGED AS

မိတ္ထီလာ

တောထဲမှလွတ်မြောက်လာသည့် စစ်ရှောင်များ ဆေးကုသ
မြစ်ကြီးနား၊ မေ ၁၀

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် အောင်လော့ဒ်ဒေသအတွင်း တပ်မတော်နှင့် ကေအိုင်အေတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် တောထဲ၌ တစ်လကြာနီးပါး ပိတ်မိခဲ့သည့် စစ်ရှောင်ဒုက္ခသည် အချို့သည် ကျန်းမာရေးဆိုးရွားမှုကြောင့် တနိုင်းပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေရကြောင်း ယင်းစစ်ဘေးရှောင်များကို ကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာမှ တောထဲ၌တစ်လနီးပါး ပိတ်မိခဲ့သော ဒေသခံ ၂၆၈ ဦးသည် တနိုင်းမြို့ပေါ်သို့ မေလ ၉ ရက်နေ့ညနေက ရောက်ရှိခဲ့ပြီး ယင်းစစ်ရှောင်များအနက်မှ အချို့မှာ တောထဲတွင် အစာပြတ်ပြီး အာဟာရချို့တဲ့မှုကြောင့် ဝမ်းလျှော၊ ဝမ်းပျက်များဖြစ်ကာ တနိုင်းပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသနေရကြောင်း တနိုင်းဒေသ၊ ခရစ်ယာန်ဂိုဏ်းပေါင်းစုံ စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးနော်တောင်က ပြောကြားသည်။

“အမျိုးသားတစ်ယောက်က အခု တနိုင်းဆေးရုံတက်နေတယ်။ သွားသွားလာလာတော့ လုပ်လို့ရပေမယ့် သွေးအားနည်းတယ်လို့ပြောလို့ သွေးသွင်းရတယ်။ စခန်းနေရာကနေ ဆေးရုံကိုသွားပြီး ကုတာက လေးယောက်ကုသနေတယ်”ဟု ၎င်းက ဆိုသည်။

တနိုင်းမြို့နယ် အောင်လော့ဒ်ဒေသအတွင်း တပ်မတော်နှင့် ကေအိုင်အေတို့ ဧပြီလ ၁၁ ရက်နေ့မှစ၍ တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် ဘေးလွတ်ရာတောထဲသို့ တစ်လနီးပါးတိမ်းရှောင်ခဲ့ရသည့်အတွက် အစာရေစာပြတ်လ်ပြီး သွေးအားနည်းခြင်း၊ ချောင်းဆိုးဖျားနာခြင်းများဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ ယခု လွတ်မြောက်လာသူများတွင် သက်ကြီးရွယ်အိုနှင့် မွေးကင်းစကလေးငယ်နှစ်ဦးလည်းပါဝင်ကြောင်း ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။

အဆိုပါ အောင်လော့ဒ်ဒေသမှ တောထဲတွင် ပိတ်မိနေသူများအနက်မှ မေလ ၉ ရက်နေ့တွင် မြစ်ကြီးနားသို့ ထပ်မံရောက်ရှိလာရာ လက်ရှိအချိန်တွင် ပိတ်မိနေသူ အောင်လော့ဒ်ဒေသခံ ၇၀၀ နီးပါး လွတ်မြောက်လာပြီဖြစ်ကြောင်း၊ အချို့မှာ တောထဲ၌ ပိတ်မိနေဆဲဖြစ်ပြီး စာရင်းအတိအကျကိုမူ မသိရှိရသေးကြောင်း ၎င်းတို့ထံမှ သိရသည်။

လက်ရှိတောထဲပိတ်မိရာမှ ပြန်လည်လွတ်မြောက်လာသူများသည် တနိုင်းမြို့ရှိ RC ဘုရားကျောင်းတွင် ခိုလှုံလျက်ရှိသည်။

R-06



FOLLOW US