News

POST TAGGED AS

မိတ္ထီလာ

လမ်းအသုံးပြုခ ပိုမိုကောက်ခံသည့်ဂိတ်များကို မြို့နယ်စည်ပင်သတိပေး
မိတ္ထီလာ၊ မေ ၇

မိတ္ထီလာမြို့၌ လမ်းအသုံးပြုခနှင့် မြို့ဝင်ကြေး ပိုမိုကောက်ခံသောဂိတ်သုံးခု စစ်ဆေးတွေ့ရှိရသဖြင့် သတိပေးအရေးယူမှု ပြုလုပ်ရန်ရှိကြောင်း မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်တင်က ပြောကြားသည်။ 

“ပြည်သူကတော့ တိုင်ကြားတာ မရှိသေးပါဘူး။ စည်ပင်သာယာရေး ကော်မတီဝင်တစ်ဦးက ဂိတ်တွေကို သွားစစ်ဆေးတာမှာ ဂိတ်ငါးခုမှာ သုံးခုက ပိုက်ဆံ ပိုကောက်ထားတာတွေ့လို့ ဒီတစ်ပတ်ထဲမှာ ရုံးကိုခေါ်ပြီး သတိပေးပါမယ်”ဟု ၎င်းက ပြောဆိုသည်။ 

စည်ပင်သာယာရေးပိုင် မြို့တွင်း လမ်းအသုံးပြုခ ကောက်ခံမှုသည် ယခင်ကတည်းကရှိခဲ့ပြီး ယခင်က ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းနှင့် BOT စနစ်ဖြင့် ဆောင်ရွက်သောကုမ္ပဏီများက ကောက်ခံသော လမ်းအသုံးပြုခများတွင် ပူးတွဲပါဝင်ခဲ့သော်လည်း ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့က စတင်သောစနစ်သစ်အရ စည်ပင်သာယာရေးနှင့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းတို့ သီးခြားစီ ကောက်ခံခြင်းဖြစ်သည်။

မိတ္ထီလာမြို့ဝင် ဂိတ်ငါးခုကို လေလံစနစ်ဖြင့်ချထားခဲ့ရာ ယင်းလုပ်ငန်းသက်တမ်းမှာ ခြောက်လဖြစ်ကြောင်း၊ လေလံအောင်ထားသာ နှုန်းထားများမှာ မန္တလေးလမ်းအတွက် ကျပ် ၅၆ ဒသမ ၆ သိန်း၊ သာစည်လမ်းအတွက် ကျပ် ၁၅၅ ဒသမ ၅ သိန်း၊ ကျောက်ပန်းတောင်းလမ်းအတွက် ၃၀၂ ဒသမ ၅ သိန်း၊ မြင်းခြံလမ်းအတွက် ကျပ် ၂၅၆ ဒသမ ၆ သိန်း၊ ရန်ကုန်လမ်းအတွက် ကျပ် ၃၀၆ ဒသမ ၆ သိန်းဖြစ်ကြောင်း၊ မိတ္ထီလာမြို့တွင်း လမ်းအသုံးပြုခ ကောက်ခံရရှိငွေများကို မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေးနှင့် ပြင်ဆင်ရေးလုပ်ငန်းများတွင် ပြန်လည် အသုံးပြုကြောင်း မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်တင်က ရှင်းပြသည်။ 

မိတ္ထီလာမြို့ဝင်ဘီးခွန် ပေးဆောင်ရန် သတ်မှတ်ထားသောနှုန်းထားမှာ ၅ တန်အထက်ယာဉ်အတွက် ၅၀၀ ကျပ် ၃ တန်နှင့် ၅ တန်ကြား ယာဉ်အတွက် ၃၀၀ ကျပ်၊ ၁ တန်နှင့် ၃ တန်ကြား ယာဉ်အတွက် ၂၀၀ ကျပ်နှင့် ၁ တန်အောက် ကားများအတွက် ၁၀၀ ကျပ်ဖြစ်ကြောင်း၊ မော်တော်ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၅၀ သတ်မှတ်ထားသော်လည်း ဆိုင်ကယ်ကို မကောက်ခံတော့ကြောင်း၊ အဆိုပါ လမ်းအသုံးပြုခများကို စည်ပင်သာယာရေးရုံးတွင် ဘီးခွန်အဖြစ် တစ်နှစ်စာ ပေးဆောင်ပါက မော်တော်ဆိုင်ကယ် တစ်စီးလျှင် ၁၅၀၀ ကျပ်ဖြစ်ပြီး တစ်တန်အထက် ယာဉ်များအတွက် ၁၅၀၀၀ ကျပ်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

R-01



FOLLOW US