News

POST TAGGED AS

မိတ္ထီလာ

15-Mar-2018

ဈေး မိတ္ထီလာ
မိတ္ထီလာ ပေါက်ချောင်းပျံကျဈေး အဆင့်မြှင့်ရန် စည်ပင်နှင့်ဈေးသည်များညှိနှိုင်း


မိတ္ထီလာ၊ မတ် ၁၄

မိတ္ထီလာမြို့ရှိ ပေါက်ချောင်းပျံကျဈေးကို အဆင့်မြှင့်တင် တည်ဆောက်နိုင်ရန် စည်ပင်သာယာရေးအဖွဲနှင့် ဈေးသည်များ မတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံညှိနှိုင်းခဲ့ကြသည်။

“လက်ရှိ ဈေးအဆောက်အအုံက ကြာနေပြီ။ အမိုးတွေလည်း မကောင်းတော့ဘူး။ ကြမ်းခင်းတွေလည်း ပေါက်ပြဲနေပြီ။ ဈေးသည်တွေအတွက်လည်း မလုံခြုံတဲ့အတွက် ပြန်ဆောက်မှာဖြစ်ပါ တယ်”ဟု မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသန့်ဇင်က ပြောကြားသည်။

အဆိုပါ ဈေးအဆောက်အအုံကို Steel Structure ဖြင့် တည်ဆောက်မည်ဖြစ်ကာ အောက်ခြေကြမ်းပြင်ကို ကွန်ကရစ်ခင်းပေးမည်ဖြစ်ကာ ဆိုင်ခန်းရှင်များကိုလည်း မူလနေရာအတိုင်း ပြန်ချပေးမည်ဖြစ်ကြောင်း၊ ယင်းအဆောက်အအုံကို ယခုဘတ်ဂျက်မကုန်မီ (မတ်လကုန်) အပြီး လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

လတ်တလောတွင် ဈေးသည်များ ယာယီရွှေ့ပြောင်းရောင်းချနိုင်မည့် နေရာကို တိုင်းအစိုးရထံတင်ပြထားပြီး ခွင့်ပြုမိန့်ရသည်နှင့် ယာယီဈေးနေရာသို့ ရွှေ့ပြောင်းကာ အဆောက်အအုံဟောင်း ဖျက်ခြင်းနှင့် အဆောက်အအုံသစ်တည် ဆောက်ခြင်းလုပ်ငန်းများကို စတင်မည်ဖြစ်ကြောင်း မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

“ဈေးပြန်ဆောက်မှာကိုတော့ ဈေးသည်တွေ သဘောတူပါတယ်။ ဒါပေမဲ့ သံတိုင်တွေနဲ့ဆောက်ရင် လေး၊ ငါးနှစ်ပဲခံမယ်။ သစ်နဲ့ဆိုရင် ဒီထက်မက ပိုခံမယ်လို့ ထင်တယ်။ သစ်နဲ့ဆောက်ပေးရင် ပိုကောင်းမယ်”ဟု အသက် ၄၀ အရွယ်ရှိ ပျံကျဈေးသည်တစ်ဦးက ပြောဆိုသည်။

အဆိုပါအဆောက်အအုံကို ယခုဘဏ္ဍာနှစ်၏ မြို့နယ်စည်ပင်သာယာရေး ရန်ပုံငွေဖြင့် တည်ဆောက်မည်ဖြစ်ပြီး ဈေးပြုပြင်ခြင်းလုပ်ငန်းနှင့် ဈေးပတ်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအတွက် ကျပ် ၅၄ သန်းကျော် အသုံးပြုရန် လျာထားကြောင်း မြို့နယ်စည်ပင်၏ လုပ်ငန်းအစီအစဉ်အရလည်း သိရသည်။

ပေါက်ချောင်းပျံကျဈေးသည် မိတ္ထီလာမြို့မဈေးကြီးပြီးလျှင် ဒုတိယမြောက် အစည်ဆုံးဈေးဖြစ်ပြီး ပျံကျဈေးသည် ၂၇၈ ဦးခန့်ရှိသည့် ဈေးတစ်ခုဖြစ်ကြောင်း ဈေးသူဈေးသားများ အဆိုအရ သိရသည်။

R-01



FOLLOW US