News

POST TAGGED AS

မိတ္ထီလာ

အဆင့်မြင့်ဈေးချိုတော် ဈေးဖွဲ့စည်းပုံပြင်ရန်စီစဉ်


မန္တလေး၊ မတ် ၁၃

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက အသစ်ပြန်လည်ဖွဲ့စည်းထားသည့် ဈေးအကျိုးတော်ဆောင်အဖွဲ့ သက်တမ်းအတွင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး၏ ဖွဲ့စည်းပုံကိုပြင်ဆင်ရန် ရှိနေသည်ဟု ဈေးအကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။

ဈေးရုံဝင်ပေါက်များ ကျဉ်းမြောင်းနေသောကြောင့် အဆောက်အအုံကို ပြန်လည်ပြင်ဆင်ခြင်း၊ ဝင်ပေါက်များတွင်ပိတ်နေသည့် ဆိုင်ကယ်ရပ်နားစခန်းကို နေရာရွှေ့ပြောင်းခြင်း၊ ဈေးချိုတော်အတွင်းဖွင့် ထားသောဆိုင်များသည် လက်ကားသာ ရောင်းချနေသောကြောင့် လက်လီရောင်းချစေခြင်းနှင့် လက်ရှိကျင့်သုံးသော နေ့ဘက် ခိုး၊ ဆိုး၊ နှိုက် လုံခြုံရေးစနစ်နှင့် ညပိုင်းမီးဘေးလုံခြုံရေးစနစ် ပိုမိုကောင်းမွန်စေရေးအတွက် ဈေးလုံခြုံရေးတိုးမြှင့်ခြင်းဟူသည့် အချက်များ လုပ်ဆောင်မည်ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ-၁ ဦးမြကျော်ဦးက ပြောကြားသည်။

“အသုံးစရိတ်၊ ကုန်ကျစရိတ်က ကျွန်တော်တို့ဆီက မသွားပါဘူး။ မြို့တော်စည်ပင်က သွားမှာပါ။ ဈေးချိုနဲ့ပတ်သက်တဲ့ အဆုံးအဖြတ်ဟာ မန္တလေးမြို့တော်စည်ပင် ဖြစ်ပါတယ်။ ကျွန်တော်တို့က ဈေးအကျိုးကိုကြည့်ပြီး ဖြစ်သင့်ဖြစ်ထိုက်တာတွေ လုပ်ရမယ်”ဟု ၎င်းက ပြောဆိုသည်။

ဈေးအကျိုးတော်ဆောင်အဖွဲ့ကို ပြီးခဲ့သော ဒီဇင်ဘာလအတွင်းကရွေးချယ်ခဲ့ပြီး ဖေဖော်ဝါရီလအတွင်းက တာဝန်လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါအဖွဲ့သည် ၂၀၁၈ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ ယခင်က ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်များ၏ သက်တမ်းမှာ လေးနှစ်ဖြစ်သော်လည်း ယခုအကြိမ်တွင် သုံးနှစ်သက်တမ်းသာ သတ်မှတ်ထားကြောင်း ဈေးဆိုင်ခန်းရှင်အချို့ထံမှ သိရသည်။

တတိယမြောက် ဈေးအကျိုးတော်ဆောင်အဖွဲ့ သက်တမ်းအတွင်း သန့်စင်ခန်းများ မိလ္လာစနစ်ကောင်းမွန်ရန်နှင့် ရေလုံလောက်စွာရရှိရန်၊ ဈေးအတွင်း မိုဘိုင်းလ်ဖုန်းများ အသုံးပြုနိုင်စေရန်နှင့် ဈေးအပေါ်ထပ်ရှိ ခေါင်မိုးများကို အသစ်လဲလှယ်ပေးခြင်းတို့ ပြုလုပ်ပေးခဲ့ကြောင်း အကျိုးတော်ဆောင်အဖွဲ့ မှတ်တမ်းများအရ သိရသည်။ 

M-07



FOLLOW US