News

POST TAGGED AS

မင်းသမီး

ဘောလိဝုဒ် ဆူပါစတားဆရီဒေဗီ အသက် ၅၄ နှစ်အရွယ်တွင် နှလုံးဖောက်၍ကွယ်လွန်


နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၅

ဘောလိဝုဒ် ဆူပါစတားဆရီဒေဗီ (သီရိဒေဝီ) ကပူးရ်သည် အသက် ၅၄ နှစ် အရွယ်တွင် ရုတ်တရက်နှလုံးဖောက်ပြန် (heart attack) ဖြစ်ပြီး ကွယ်လွန်သွားခဲ့ကြောင်း မိသားစုက ထုတ်ပြန်ခဲ့သည်ဟု BBC သတင်းဌာနက ဖော်ပြသည်။

ဆရီဒေဗီသည် တူဖြစ်သူ၏ မင်္ဂလာဆောင်အတွက် ဒူဘိုင်းတွင် မိသားစုနှင့်အတူရှိနေစဉ် ဆုံးပါးသွားခဲ့ခြင်းဖြစ်သည်။

ဆရီဒေဝီသည် ဘောလိဝုဒ်ရုပ်ရှင်လောကတွင် သူ့အသက်နှင့်ထပ်တူနီးပါး ဆယ်စုနှစ်ငါးခုကြာ ကျင်လည်ခဲ့သူဖြစ်ပြီး ရုပ်ရှင်ဇာတ်ကား ၃၀၀ ကျော် ရိုက်ကူးခဲ့သူဖြစ်ကာ Mr India၊ Chandni၊ Chaal Baaz နှင့် Sadma တို့ကဲ့သို့သော ဂန္ထဝင်ဇာတ်ကားကြီးများတွင် ပါဝင်ခဲ့သူဖြစ်သည်။

လေးနှစ်သမီးကတည်းက ရုပ်ရှင်ဇာတ်ကားများတွင် ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သူဖြစ်ပြီးတမီလ်၊ တယ်လ်ဂူလ်၊ မာလာယာလမ်း၊ ကန်နာဒါ၊ ဟင်ဒီ စကားပြော ရုပ်ရှင်မျိုးစုံတွင် ပါဝင်ခဲ့သူဖြစ်သည်။

ဆရီဒေဗီကွယ်လွန်သည့် သတင်းထွက်ပေါ်လာပြီးနောက် မွမ်ဘိုင်းရှိ ဆရီဒေဗီ၏နေအိမ်ရှေ့တွင် ပရိသတ်များစုရုံး ရောက်ရှိခဲ့ကြသည်။ ဘောလိဝုဒ် နာမည်ကြီးများနှင့် နိုင်ငံရေးခေါင်းဆောင်များကလည်း ဝမ်းနည်းတုန်လှုပ်မိကြောင်း ကြေညာချက်များထုတ်ပြန်ခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီက ထင်ရှားသောသရုပ်ဆောင် ဆရီဒေဗီ ရုတ်တရက် နှုတ်မဆက်ဘဲ ထွက်ခွာသွားမှုအတွက် ဝမ်းနည်းကြေကွဲမိပါကြောင်း တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သလို သမ္မတရမ်နာ့တ်ကိုဗင်ကလည်း သန်းနှင့်ချီသော ဆရီဒေဗီ၏ ပရိသတ်များအတွက် ကြေကွဲစရာဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

အိန္ဒိယနွယ်ဖွားတစ်ဦးဖြစ်သည့် လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်ကလည်း ဝမ်းနည်းကြေကွဲကြောင်း ထုတ်ပြန်ခဲ့သည်။ 

ဆရီဒေဗီ၏ အောင်မြင်မှုမှာအိန္ဒိယ ရုပ်ရှင်လောကတွင် တစ်မူထူးကဲသည့် ဇာတ်လမ်းတစ်ပုဒ်လည်း ဖြစ်ခဲ့သည်။ လေးနှစ်သမီးကတည်းက သရုပ်ဆောင်ခဲ့သော ဆရီဒေဗီသည် အသက် ၁၃ နှစ် အရွယ်တွင်ပင် ရှုပ်ထွေးသောဇာတ်အိမ်ဖြစ်သည့် သစ္စာဖောက်သောချစ်သူကို လက်စားချေသည့် အမျိုးသမီးနေရာမှ သရုပ်ဆောင်နိုင်ခဲ့သည်။

၁၉၇၀ ပြည့်လွန်နှစ်များမှ ၁၉၉၀ ပြည့်လွန်နှစ်များ နှောင်းပိုင်းအထိ ရုံတင်ဝင်ငွေကောင်းသော ဇာတ်ကားဖြစ်ရန် မဖြစ်မနေလိုအပ်သော သရုပ်ဆောင်တစ်ဦးအဖြစ် ပါဝင်ခဲ့သည်။

၁၉၉၆ တွင် ရုပ်ရှင်ထုတ်လုပ်သူ ဘိုနေကပူးရ်နှင့်လက်ထပ်ပြီးနောက် ရုပ်ရှင်လောကမှ အနားယူသွားခဲ့သော်လည်း ၂၀၁၂ တွင် English Vinglish ရုပ်ရှင်ကားနှင့်အတူ တစ်ကျော့ပြန်လည်ဝင်ရောက်ခဲ့ပြီး ပရိသတ်အားပေးမှု ခံခဲ့ရသူဖြစ်သည်။ 

၁၆ နှစ်တာ အနုပညာလောကနှင့် ကင်းကွာနေခဲ့သော်လည်း ရုပ်ရှင်လောက ပြန်လည်ဝင်ရောက်ချိန်တွင် အထူးအောင်မြင်ခဲ့သူဖြစ်သည်။ 

မကွယ်လွန်မီ နာရီပိုင်းအလိုအထိ Instagram တွင် ဓာတ်ပုံများ တင်သွားခဲ့သေးသည်။
 
F-03



FOLLOW US