News

POST TAGGED AS

မင်းကွန်း

မင်းကွန်းဆိပ်ကမ်းတွင် ဆိပ်ခံ ဗောတံတားတစ်ခု ထားရှိမည်

မန္တလေး၊ ဇန်နဝါရီ ၁

မင်းကွန်းဒေသသို့ သင်္ဘောဖြင့် လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားများ ရာသီမရွေး အသုံးပြုနိုင်မည့် ဆိပ်ခံဗောတံတာတစ်ခု ယခုလအတွင်းထားရန် စီစဉ်နေကြောင်း စစ်ကိုင်းတိုင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ 

“နိုင်ငံခြားသား ခရီးသွားတွေ လာတဲ့အခါမှာ လုံခြုံမှုရှိအောင်၊ သင်္ဘောတွေကလည်း ဆိပ်ကမ်းမှာ ဟိုဆိုက်ဒီဆိုက် မဖြစ်ရအောင်ပါ။ ဇန်ဝါရီလအတွင်း ထားနိုင်မယ်လို့ ရည်မှန်းထားတယ်။ အတိအကျတော့ မပြောနိုင်သေးဘူး” ဟု စစ်ကိုင်းတိုင်း ဟိုတယ်နှင့် ခရီးသွား ညွန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဖြိုးလွင်က ပြောကြားသည်။ 

ဆိပ်ခံဗောတံတား တည်ဆောက်ရေးလုပ်ငန်းများကို နိုဝင်ဘာလကတည်းက ပြုလုပ်နေခြင်းဖြစ်ပြီး ကျပ်သန်း ၄၀၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း၊ လက်ရှိတွင် မန္တလေးမှ မင်းကွန်းသို့ ပြေးဆွဲနေသည့်ရေယာဉ် တစ်ရက်လျှင် ငါးစီးနှင့်အထက်ရှိကြောင်း စစ်ကိုင်းတိုင်း ဟိုတယ်နှင့်ခရီးသွား ညွန်ကြားမှုဦးစီးဌာနထံမှ ထပ်မံသိရသည်။ 

မန္တလေးမှ မင်းကွန်းသို့ ပြေးဆွဲနေသော သင်္ဘောများအနေနှင့် လက်ရှိအချိန်တွင် အဆင်ပြေသည့်နေရာတွင် ဆိုက်ကပ်နေရကာ ဆိပ်ခံဗောတံတား ထားရှိမည်ဆိုပါက စနစ်တကျ ဆိုက်ကပ်နိုင်မည်ဖြစ်ကြောင်း ရေယာဉ်ပိုင်ရှင်အချို့က ပြောဆိုသည်။ 

မန္တလေးတိုင်းအတွင်းရှိ မန္တလေး၊ အင်းဝနှင့် အမရပူရမြို့နယ်တို့မှ ရှေးဟောင်းယဉ်ကျေးမှုနေရာများ၊ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ကိုင်းနှင့် မင်းကွန်းဒေသမှ ရှေးဟောင်းယဉ်ကျေးမှုနေရာ ၁၀ နေရာကို ယဉ်ကျေးမှုခရီးသွားလာရေး လုပ်ငန်းအဖြစ် အဆင့်မြှင့်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက  ရေတိုစီမံချက်များ ချမှတ်ဆောင်ရွက်နေခြင်း ဖြစ်သည်။

M-05



FOLLOW US