News

POST TAGGED AS

မင်္ဂလာတောင်ညွန့်

ညှဉ်းပန်းခံရ၍သေဆုံးခဲ့သည့် အိမ်အကူ အမျိုးသမီး၏ ကလေးများကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ ကူညီမည်
ရန်ကုန်၊ မေ ၂၉ 

ပဲခူးတိုင်း အင်းတိုင်သံချပ်ကာတပ်ရင်း အရာရှိရိပ်သာရှိ အိမ်တစ်အိမ်တွင် အိမ်အကူလုပ်ရင်း သေဆုံးခဲ့သော တွံတေးမြို့နယ် အုတ်ဖိုရွာနေ အမျိုးသမီး၏ ကျန်ရစ်သည့်ကလေး ၄ ဦးကို တိုင်းအစိုးရက ကူညီမည်ဖြစ်ကြောင်း တွံတေးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်ဇင်ဦးက ပြောကြားသည်။

ကရင်မ (ခ) မခင်စန္ဒာဦးသည် မေလ ၁၉ ရက် ဥပဒေအရာရှိ နေအိမ်တွင် အိမ်အကူလုပ်စဉ် အိမ်ရှင်၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကလေးတွေက ကရင်လူမျိုးလည်း ဖြစ်နေတော့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဆောင်ရွက်ပေးနေပါတယ်”ဟု ၎င်းကဆိုသည်။

ကရင်မ (ခ) မခင်စန္ဒာဦးသည် အဆိုပါတပ်ရင်းရှိ အရာရှိ လင်မယား နေအိမ်တွင် လွန်ခဲ့သည့် ၆ လခန့်က အိမ်အကူအဖြစ် သွားရောက်လုပ်ကိုင်ခဲ့ပြီး မေလ ၁၉ ရက် မွန်းတည့် ၁၂ နာရီတွင် အိမ်ရှင် ဥပဒေအရာရှိ အမျိုးသမီးနှင့် အဖော်အမျိုးသမီးတစ်ဦးတို့က ၎င်း၏အုတ်ဖိုရှိနေအိမ်သို့ ကျန်းမာရေးချို့တဲ့သဖြင့် ပြန်လည်ပို့ဆောင်ခဲ့ပြီး ယင်းနေ့မှာပင် သေဆုံးခဲ့ခြင်းဖြစ်သည်။

သေဆုံးသူတွင် အသက် ၁၆ နှစ်ရှိ ယောက်ျားလေး တစ်ဦး၊ အသက် ၁၅ နှစ်ရှိ အမျိုးသမီးငယ်တစ်ဦး၊ အသက် ၁၂ နှစ် နှင့် ၉ နှစ်အရွယ် ကလေး ၂ ဦးကျန်ရှိခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ကလေး လေးယောက်သည် အဘွားနှင့်အတူ အုတ်ဖိုရွာတွင် နေထိုင်လျက်ရှိပြီး ၎င်းတို့အတွက် စေတနာရှင် အလှူရှင်များက ထောက်ပံ့ကူညီလျက်ရှိရာ လက်ရှိတွင် အလှူငွေ ကျပ် ၂၅ သိန်းခန့် ရရှိနေပြီဖြစ်ကြောင်းနှင့် ကလေးငယ်များအတွက် လှူဒါန်းနိုင်ရန် ဘဏ်အကောင့်နှစ်ခု ဖွင့်ပေးထားကြောင်း ဒေါက်တာကျော်ဇင်ဦးက ပြောကြားသည်။

လက်ရှိတွင် အိမ်အကူပြုလုပ်သည့် ကရင်မ(ခ) မခင်စန္ဒာဦး သေဆုံးမှုနှင့်ပတ်သက်၍ အိမ်ရှင် ဥပဒေအရာရှိ အမျိုးသမီးကို လူသတ်မှုဖြင့် တွံတေးမြို့မရဲစခန်းတွင် ဖမ်းဆီးထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှုမှန် ပေါ်ပေါက်ရန်နှင့် ထိရောက်စွာ အရေးယူနိုင်ရန်ကိုလည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကော်မတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ စသည်တို့က စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။ 

J-10



FOLLOW US