News

POST TAGGED AS

မင်္ဂလာဒုံ

ကုလားတန်မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေး ကုမ္ပဏီပိုင်ရှင် အပါအဝင် ၁၀ ဦးကို မူးယစ်မှုဖြင့် စွဲချက်တင်


ရန်ကုန်၊ ဩဂုတ် ၈

မင်္ဂလာဒုံ စက်မှုဇုန်ဝင်းတွင် လွန်ခဲ့သည့် သုံးနှစ်ကျော်က ကွန်တိန်နာယာဉ် တစ်စီးပေါ်မှ ကျပ်ဘီလီယံ ၁၄၀ နီးပါးရှိသော စိတ်ကြွဆေးပြားများ စံချိန်တင် ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ကုလားတန် မြစ်ဝှမ်းဒေသ ဖွံ့ဖြိုးရေး ကုမ္ပဏီပိုင်ရှင်ဖြစ်သူ မင်းဦးခိုင် အပါအဝင် ၁၀ ဦးကို ဩဂုတ်လ ၈ ရက်နေ့က မူး/စိတ်ပုဒ်မ ၂၀ (က)/၂၁ တို့ဖြင့် စွဲချက်တင် စစ်ဆေးရန် အမိန့်ချမှတ်ခဲ့ကြောင်း မြောက်ပိုင်းခရိုင် တရားရုံးထံမှသိရသည်။

အနိမ့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၁၅ နှစ်မှ အမြင့်ဆုံးပြစ်ဒဏ် သေဒဏ်အထိ ချမှတ်နိုင်သော မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀ (က) ဖြင့် ကုမ္ပဏီပိုင်ရှင် မင်းဦးခိုင်မှာ စွဲချက်တင်စစ်ဆေးရန် အမိန့်ချမှတ်ခံရပြီး ကျန် ၉ ဦးကို ၂၀ (က)/၂၁ ဖြင့် စွဲချက်တင် စစ်ဆေးရန် အမိန့်ချမှတ်လိုက်ကြောင်း ယင်းအမှု ပြောရေးဆိုခွင့်ရှိသူ ဒုခရိုင်တရားသူကြီး ဦးမောင်မောင်အေးက ပြောသည်။

“အဓိက မိန်းက မင်းဦးခိုင်ပေါ့။ သူ့ကို မူး/စိတ် ပုဒ်မ ၂၀ (က) နဲ့ စွဲချက်အမိန့် ချမှတ်လိုက်တယ်။ ကျန်ကိုးယောက်က ၂၀ (က)/၂၁ နဲ့ စွဲချက်တင်ခံရတယ်။ မူး/စိတ် ပုဒ်မ ၂၁ က ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန် အားထုတ်ခြင်း၊ ပူးပေါင်းကြံစည်ခြင်း၊ စည်းရုံးခြင်း၊ စီမံခန့်ခွဲခြင်း၊ ငွေကြေးထောက်ပံ့ခြင်းတို့ကို ပြုလျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ချမှတ်ခြင်းခံရမည်လို့ ပါထားတာကြောင့် မင်းဦးခိုင်ရဲ့ ကျခံရမယ့် ပြစ်ဒဏ်အတိုင်းပဲ သူတို့အားလုံးလည်း ဒီအမှုမှာ ပြစ်ဒဏ်ကို အတူကျခံရမှာ ဖြစ်ပါတယ်”ဟု ဒုခရိုင်တရားသူကြီး ဦးမောင်မောင်အေးက ရှင်းပြသည်။

အဆိုပါ အမှုကို မြောက်ပိုင်းခရိုင် တရားရုံးတွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့က တရားစတင်စွဲဆိုခဲ့သော်လည်း အမှုမှ တရားခံပြေးများကို စစ်ဆေးချိန်နှင့် တရားစွဲဆိုခံရသူများဘက်မှ တိုင်းတရားလွှတ်တော်ထံသို့ ရုံးပြောင်း လျှောက်ထားမှုများကြောင့် နှစ်နှစ်ခွဲကျော် အချိန်ကြာမြင့်မှသာ ယင်းအမှုကို စွဲချက်တင်စစ်ဆေးရန် အမိန့်ချမှတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ပိုင်းခရိုင် တရားရုံးထံမှ စုံစမ်းသိရှိရသည်။

“ဒီအမှုထဲက ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံပြေးနှစ်ယောက်ကို ပြန်ဖမ်းဆီးရမိချိန်မှာ စစ်ဆေးရာကအချိန် ငါးလလောက် ကြာခဲ့တယ်။ ပြီးတော့ သူတို့အမှုက အရှေ့ပိုင်းခရိုင်မှာရော မြောက်ပိုင်းခရိုင်မှာပါ တရားစွဲဆိုထားတာကြောင့် အမှုနှစ်ခုကို တပေါင်းတည်းစစ်ဆေးပေးဖို့ တရားစွဲဆိုခံရသူတွေဘက်က တိုင်းတရား လွှတ်တော်မှာ လျှောက်ထားခဲ့တယ်လို့ သိရတယ်။ ဒါပေမဲ့ လျှောက်ထားမှုကို လက်မခံဘူး။ ရုံးပြောင်းလျှောက်ထားချိန်မှာ အမှုမစစ်ဆေးဖြစ်တာက ခုနစ်လကျော် ကြာမြင့်ခဲ့တယ်”ဟု တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အဓိက တရားခံဟုဆိုသော မင်းဦးခိုင်နှင့် အမှုတွဲတွင် ပါဝင်သူ မချိုချိုဝင်း (ခ) ရန်ယုံချင်းတို့မှာ လက်ရှိ အချုပ်သားအဖြစ် အမှုရင်ဆိုင်လျက်ရှိပြီး ယင်းအမှုမှ တရားစွဲဆိုခံထားရသော ထွန်းကျော်ဇံ၊ ဇော်ဇော်မင်း၊ သန်းရွှေ (ခ) ဂျင်မေ၊ ညွန့်ဝင်း၊ ရန်လျှောက်ဟွာ (ခ) စိုင်းအောင်၊ မောင်ဝင်း (ခ) ကျော်ထူး၊ ခင်မောင်သန်းနှင့် မဝင်းငြိမ်းခိုင် (ခ) ငြိမ်းငြိမ်းတို့မှာ အရှေ့ပိုင်းခရိုင် တရားရုံးမှ မူး/စိတ် ပုဒ်မများဖြင့် ထောင်ဒဏ် ၄၈ နှစ် ကျခံစေရန် အမိန့်ချမှတ်ထားပြီးဖြစ်ကြောင်း တရားရုံးထံမှ စုံစမ်းသိရှိရသည်။

ပြစ်ဒဏ်ကျခံနေရသူများက ၎င်းတို့အနေနှင့် ကုလားတန်မြစ်ဝှမ်းဒေသဖွံ့ဖြိုးရေး ကုမ္ပဏီတွင် ဝင်ရောက် အလုပ်လုပ်ကိုင်ခဲ့သော်လည်း အဆိုပါ စံချိန်တင် စိတ်ကြွဆေးပြားများ ဖမ်းဆီးခံရမှုတွင် လုံးဝပတ်သက် ဆက်နွှယ်နေမှုမရှိခဲ့ကြောင်း တရားရုံးထံ လာရောက်သတင်းယူသည့် မီဒီယာများကို ပြောကြားခဲ့သည်။ 

S-03




FOLLOW US