News

POST TAGGED AS

မက္ကဆီကို

13-Jun-2018

ဆီ လေယာဉ်
လေယာဉ်ဆီဖြန့်ဖြူးရောင်းချသည့် အော်ပရေတာနှစ်ခု ထပ်မံခွင့်ပြုရန် စီစဉ်
ရန်ကုန်၊ ဇွန် ၁၂

ပြည်တွင်း၌ လေယာဉ်ဆီဖြန့်ဖြူး ရောင်းချရန် အော်ပရေတာသစ်နှစ်ခုကို ထပ်မံလုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေကြောင်း လေကြောင်းပိုဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောကြားသည်။

“လက်ရှိမှာလုပ်ငန်းစဉ် ဆောင်ရွက်နေတယ်။ ဘယ်တော့ စခွင့်ပြုမယ်ဆိုတာကတော့ လောလောဆယ် အချိန်အတိအကျ မသိသေးဘူး”ဟု ၎င်းက ဆိုသည်။

လေယာဉ်ဆီဖြန့်ဖြူးရောင်းချရေး လုပ်ငန်းနှင့်ပတ်သက်၍ အော်ပရေတာသစ်နှစ်ခုကို ထပ်မံလုပ်ကိုင်ခွင့်ပေးရန် ဌာနအတွင်း သဘောတူညီပြီးဖြစ်ကြောင်း ယင်းကုမ္ပဏီနှစ်ခုမှာ ရွှေမြန်မာလေကြောင်းလိုင်း GMA ကုမ္ပဏီနှင့် လက်ရှိ ရန်ကုန်လေဆိပ် ဝန်ဆောင်မှုများကို ဆောင်ရွက်နေသည့် Yangon Aerodrome Co.,Ltd. တို့ဖြစ်ကြောင်း ဦးရဲထွဋ်အောင်ထံမှ သိရသည်။

အဆိုပါလုပ်ငန်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနတို့နှင့် မြေနေရာရရှိရန် တောင်းခံမှုများ ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ထံသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်း Golden Myanmar Airlines အုပ်ချုပ်ရေးဌာန အထွေထွေမန်နေဂျာ ဦးဝင်းကျော်မိုးက ပြောကြားသည်။

“လက်ရှိက အဆင့်ဆင့်တင်ပြမှုတွေ လုပ်နေတယ်။ အမြန်ဆုံး အကောင်အထည်ဖော်နိုင်အောင် ဆောင်ရွက်နေပါတယ်။ အချိန်အတိအကျတော့ မပြောနိုင်သေးဘူး”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက လေယာဉ်ဆီဈေးနှုန်း မြင့်မားနေပြီး၊ အဆိုပါအော်ပရေတာနှစ်ခု ထပ်မံခွင့်ပြုမည်ဆိုပါက နိုင်ငံတကာနှင့် လေယာဉ်ဆီဈေးနှုန်း မြင့်တက်နေမှုကို တားဆီးနိုင်မည်ဖြစ်ပြီး ဈေးပြိုင်စနစ်ဖြင့် ဝယ်ယူရသည့် အခြေအနေဖြစ်လာမည်ဖြစ်ကာ လေကြောင်းလိုင်းများအတွက် ပိုမိုကောင်းမွန်သည့်အခွင့်အရေး ဖြစ်နိုင်ကြောင်း MAI လေကြောင်းလိုင်းမှ Head of Marketing & Public Relations ဒေါ်မအေးမရသာက ပြောကြားသည်။

“တစ်ခုတည်းက လုပ်ကိုင်ခွင့်ရှိပြီး ရောင်းချနေတာဆိုတော့ သူချမှတ်ထားတဲ့ အတိုင်ပဲ ဝယ်ရတယ်။ အခုလို အပြိုင်အဆိုင်ရှိလာမယ်ဆိုရင် ဝယ်ယူသူတွေအတွက် ပိုကောင်းပါတယ်”ဟု ၎င်းက ဆိုသည်။

လေယာဉ်ဆီများကို စင်ကာပူနိုင်ငံမှတစ်ဆင့် တင်သွင်း၍ ပြန်လည်ရောင်းချရခြင်း ဖြစ်သောကြောင့် လေယာဉ်ဆီဈေးနှုန်းမှာ အခြားနိုင်ငံများထက် ပိုမိုမြင့်တက်နေခြင်းဖြစ်ကြောင်း မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းညွှန်ကြားရေးမှူး ဦးမြင့်ဇော်ထံမှ သိရသည်။

“လက်ရှိတော့ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခွင့်အတွက် လိုင်စင်လာလျှောက်တာ မရှိသေးဘူး။ သတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့ ညီရင်တော့ ကျွန်တော်တို့က ခွင့်ပြုမှာပါ။ ဒီလုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်းတွေက လုပ်ကိုင်မယ်ဆိုရင် ကြိုဆိုနေပါတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးရောင်းချခွင့်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ထားသည့် NEPAS (National Energy Puma Aviation Service) ကုမ္ပဏီက၂၀၁၅ မှစတင်၍ လုပ်ကိုင်ခွင့်ရရှိထားခြင်းဖြစ်သည်။

“ဈေးနှုန်းကျဖို့ အရေးကြီးတယ်။ လေယာဉ်ဆီကြောင့်ဆိုပြီး လေကြောင်းလိုင်းတွေ လက်မှတ်ဈေးမချဘူး။ အပြိုင်အဆိုင်ပေါ်လာတာ ကောင်းပါတယ်။ ဆီဈေးကျလို့ လက်မှတ်ဈေးမကျဘူးဆိုရင်တော့ လေကြောင်းလိုင်းတွေမှာ တာဝန်ရှိသွားပြီ၊ သူတို့အမြဲပြောတာက ဆီဈေးကြီးလို့ လက်မှတ်ဈေးကြီးရပါတယ်ဆိုတာ စောင့်ကြည့်ရမှာပေါ့”ဟု Wazo ခရီးသွားလုပ်ငန်းမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ဦးသန်းနိုင်က ဆိုသည်။

J-06/J-14




FOLLOW US