News

POST TAGGED AS

မက္ကဆီကို

ပြည်သူပိုင်မသိမ်းဟု ဘဏ်လုပ်ငန်းရှင်များကို မက္ကဆီကို လက်ဝဲယိမ်းသမ္မတလောင်း အာမခံ


မက္ကဆီကိုစီးတီး၊ မတ် ၁၀

စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းမည်မဟုတ်၊ နိုင်ငံကို ကြွေးနွံတွင်းသို့ မောင်းသွင်းမည်မဟုတ်ဟု ကတိပြုလိုက်ပြီး စိုးရိမ်စိတ်ဝင်နေသည့် ဘဏ်လုပ်ငန်းရှင်များကို မက္ကဆီကို လက်ဝဲယိမ်း သမ္မတလောင်း အန်ဒရတ်မန်နျူယန်လိုပတ် အိုဘရာဒါက အာမခံလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ပစိဖိတ်ကမ်းခြေ အပန်းဖြေမြို့ဖြစ်သည့် အကပူကိုမြို့တွင် ပြုလုပ်သည့် ဘဏ်လုပ်ငန်းညီလာခံ၌ မိန့်ခွန်းပြောကြားရာတွင် စီးပွားရေးတည်ငြိမ်မှုကို အနှောင့်အယှက်ပြုမည်မဟုတ်ဟု လက်ဝဲယိမ်းသမ္မတလောင်း အိုဘရာဒါက ကတိပြုလိုက်သော်လည်း စီးပွားရေးမူဝါဒသစ်များကို ထုတ်ပြန်ခြင်းမရှိပေ။

“ဘဏ်လုပ်ငန်းတွေကို ထောက်ပံ့ပေးသွားမှာပါ။ ပိုင်ဆိုင်မှုတွေ သိမ်းယူမှာမဟုတ်ပါဘူး။ အခွန်တိုးကောက်မှာ မဟုတ်သလို ဗဟိုဘဏ်လွတ်လပ်ခွင့်ကိုလည်း လေးစားမှာပါ”ဟု ၎င်းက ပြောကြားသွားသည်။

ယင်းကဲ့သို့ပြောကြားမှုကို လုပ်ငန်းရှင်များက ကြိုဆိုလိုက်သော်လည်း ခိုင်မာသည့် မူဝါဒအဆိုပြုချက်များ တင်ပြမှုမရှိသဖြင့် အချို့သော မက္ကဆီကို ဘဏ်လုပ်ငန်းရှင်များက ဝေဖန်လျက်ရှိသည်။

သမ္မတနေရာ ရရှိနိုင်ရေး အိုဘရာဒါသည် နှစ်ကြိမ်တိုင်တိုင် ယှဉ်ပြိုင်ခဲ့ဖူးပြီး လက်ရှိအကြိမ်တွင် အနီးကပ်ဆုံး ပြိုင်ဘက်ထက် ဂဏန်းနှစ်လုံးအသာဖြင့် လူထုထောက်ခံမှုရရှိနေကြောင်း စစ်တမ်းများတွင် ဖော်ပြထားသည်။

ထို့အပြင် မက္ကဆီကို စွမ်းအင်ကဏ္ဍကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံခွင့်ပေးခြင်းအပေါ် ဆန့်ကျင်ခြင်းကဲ့သို့သော သဘောတားတင်းမာသည့် ယခင်ရပ်တည်ချက်များကို ပြောင်းလဲလျက်ရှိပြီး သဘောထားပျော့ပျောင်းသူတစ်ယောက်ဖြစ်သည်ဆိုသည့် ပုံရိပ်ကိုလည်း အိုဘရာဒါ ဖန်တီးလျက်ရှိသည်။

လူမှုဖူလုံရေး အသုံးစရိတ် တိုးမြှင့်ရေး၊ ကျေးလက်စီးပွားရေး ပြန်လည်ပြင်ဆင်ရေး၊ ရေနံချက်စက်ရုံသစ်များ တည်ဆောက်ရေးကဲ့သို့သော မူဝါဒများ ဖော်ပြထားသည့် အိုဘရာဒါ၏ မိန့်ခွန်းအပေါ်တွင်လည်း ထောက်ခံမှုများ အများအပြား ပေါ်ပေါက်လျက်ရှိသည်။

F-05



FOLLOW US