News

POST TAGGED AS

မက္ကဆီကို

17-Feb-2018

မက္ကဆီကို
မက္ကဆီကိုတွင် အင်အားပြင်းငလျင်ကြီးလှုပ်ခတ်၊ အဆောက်အအုံများခါယိမ်းခဲ့ရာ လူအများထိတ်လန့်

မက္ကဆီကိုစီးတီး၊ ဖေဖော်ဝါရီ ၁၇

မက္ကဆီကိုနိုင်ငံ အနောက်တောင်ဘက်ဒေသတွင် အင်အားပြင်းထန်သည့် မြေငလျင်ကြီး လှုပ်ခတ်ခဲ့ရာ အဆောက်အအုံများစွာ လှုပ်ယမ်းသွားခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

မြေငလျင်သည် မြို့တော်မက္ကဆီကို စီးတီးနှင့် မိုင်ပေါင်း ၂၁၇ မိုင် ဝေးကွာသည့် အောက်ဇာကာပြည်နယ်အနီးကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်ပြီး ပြင်းအား ၇ ဒသမ ၂ ရှိသည်ဟု အမေရိကန်ဘူမိဗေဒ သုတေသနအဖွဲ့က ပြောကြားသည်။ 

မြေငလျင်ကြောင့် အောက်ဇာကာပြည်နယ်တွင် အဆောက်အအုံများ ပျက်စီးခဲ့ပြီး မြို့တော်မက္ကဆီကို စီးတီးတွင်မူ ပြင်းထန်သည့် ငလျင်လှုပ်ယမ်းမှုကြောင့် ပြည်သူများ လမ်းမပေါ်သို့ အော်ဟစ်ကာ ထွက်ပြေးခဲ့ကြသည်။ 

သို့သော် ငလျင်ကြောင့် လူထိခိုက် သေဆုံးမှုမရှိခဲ့ဟု မက္ကဆီကိုပြည်တွင်း မီဒီယာများက ပြောကြားသည်။ 

တစ်ချိန်တည်းမှာပင် ပြည်ထဲရေးဝန်ကြီးနှင့် အောက်ဇာကာ ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ လိုက်ပါလာသည့် ရဟတ်ယာဉ် ပျက်ကျခဲ့ရာ လူ ၂ ဦးသေဆုံးသွားသည်ဟု အာဏာပိုင်များကဆိုသည်။

သို့သော် ပြည်ထဲရေးဝန်ကြီး အက်ဆိုနာ ဗာတီနှင့် အောက်ဇာကာ အုပ်ချုပ်ရေးမှူး အယ်လ်ဂျန်ဒရိုမူရက်တို့မှာ ဒဏ်ရာပြင်း ပြင်းထန်ထန် ရရှိသွားခြင်းမရှိပေ။ အာဏာပိုင်များ၏အဆိုအရ ၎င်းတို့သည် ငလျင်ကြောင့် ပျက်စီးသွားသည်များကို လိုက်လံစစ်ဆေးကြည့်ရှုစဉ် ရဟတ်ယာဉ်ပျက်ကျမှုနှင့် ရင်ဆိုင်ကြုံတွေ့လိုက်ရခြင်းလည်း ဖြစ်သည်။ 

ပစိဖိတ်ဒေသ ဆူနာမီသတိပေးဌာနကမူ အဆိုပါ အင်အားပြင်းငလျင်ကြောင့် ဆူနာမီလှိုင်း ဖြစ်လာနိုင်သည့် အနေအထား မရှိကြောင်း ကြေညာချက် ထုတ်ပြန်သည်။ 

မက္ကဆီကိုစီးတီးတွင် ပြင်းထန်သည့်ငလျင်ကြီး လှုပ်ခတ်ပြီးနောက် ထောင်ပေါင်းများစွာသော ပြည်သူများ အဆောက်အအုံများထဲက ထွက်ပြေးကာ လမ်းမပေါ်တွင် ရပ်နေခဲ့ကြသည်။ အချို့သော အမျိုးသမီးများမှာ ထိတ်လန့် ငိုကြွေးခဲ့ကြရာ အခြားသူများက ပွေ့ဖက်နှစ်သိမ့်ခဲ့ကြသည်ကို တွေ့ရသည်။ 

မက္ကဆီကိုနိုင်ငံရှိ ပြည်နယ်ကြီး လေးခုတွင် အာဏာပိုင်များက မြေငလျင်သတိပေးချက်စနစ် တပ်ဆင်ထားသည်။ မက္ကဆီကို စီးတီးတွင်မူ အာဏာပိုင်များက ပြည်သူများကို အပြင်ဘက်တွင်သာ နေထိုင်ကြရန် တိုက်တွန်းထားသည်။ 

ယမန်နှစ် စက်တင်ဘာလက မက္ကဆီကိုနိုင်ငံတွင် အင်အားပြင်း မြေငလျင်ကြီး လှုပ်ခတ်ခဲ့ရာ လူရာနှင့်ချီ၍ သေဆုံးသွားခဲ့ရသေးသည်။ 

“စက်တင်ဘာလ ၁၉ ရက်နေ့ ကတည်းက ငလျင်နဲ့ပတ်သက်ပြီး ထိတ်လန့်ခဲ့တာမျိုး မရှိခဲ့ဘူး”ဟု မက္ကဆီကိုစီးတီးတွင် ဖိနပ်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောပြသည်။ နောက်ထပ်မက္ကဆီကိုနိုင်ငံသူ အမျိုးသမီး တစ်ဦးကမူ “အချိန်မရွေး ကိုယ်နေတဲ့အိမ်ကြီးက ကိုယ့်အပေါ် ပြိုကျလာနိုင်တယ်ဆိုတာကို စဉ်းစားကြည့်လိုက်မိတော့ အင်မတန် ကြောက်ဖို့ကောင်းလာတယ်”ဟုဆိုသည်။ 

မက္ကဆီကိုသည် ကမ္ဘာပေါ်၌ မြေငလျင်လှုပ်နိုင်ခြေ အများဆုံးဒေသများအနက် တစ်ခုအပါအဝင်ဖြစ်သလို မြောက်အမေရိက၊ ကိုကိုစ်နှင့် ပစိတ်ဖိတ်ကျောက် လွှာထုကြီး သုံးခုဆုံရာ ထိပ်ပိုင်းတွင် တည်ရှိလျက်ရှိသည်။ 

F-01



FOLLOW US