News

POST TAGGED AS

မက်ဆီ

မက်ဆီနှင့် အန်တိုနယ်လ်လာရော့ကတ်ဇ်ဇိုတို့ လာမည့် ၂၀၁၇ ခုနှစ်တွင် လက်ထပ်မည်
ရိုဆာရီယို၊ ဒီဇင်ဘာ ၁၅

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီသည် ၎င်းနှင့် ကာလရှည်ကြာ လက်တွဲခဲ့သည့် အတူနေချစ်သူ အန်တိုနယ်လ်လာ ရော့ကတ်ဇ်ဇိုနှင့် လာမည့် ၂၀၁၇ ခုနှစ်တွင် လက်ထပ်တော့မည် ဖြစ်ကာ ၎င်းင်းတို့နှစ်ဦး၏ လက်ထပ်မင်္ဂလာပွဲကို အာဂျင်တီးနားနိုင်ငံ ရိုဆာရီယိုမြို့တွင် ကျင်းပသွားရန် မက်ဆီက ရည်ရွယ်ထားကြောင်း La Capital က ဖော်ပြထားသည်။

မက်ဆီနှင့် အန်တိုနယ်လ်လာတို့သည် ရိုဆာရီယိုမြို့တွင် မွေးဖွားကြီးပြင်းခဲ့ကြသူများ ဖြစ်ကာ ငယ်စဉ်ကလေးဘဝ ကတည်းကပင် ၎င်းတို့နှစ်ဦးက သူငယ်ချင်းများအဖြစ် ရင်းနှီးခဲ့ကြသည်။

မက်ဆီနှင့် အန်တိုနယ်လ်လာတို့သည် ရိုဆာရီယိုမြို့တွင် ၎င်းတို့၏ သူငယ်ချင်းများ၊ မိတ်ဆွေများ ရှိနေသည့်အတွက် ယင်းနေရာတွင် လက်ထပ်ရန် ဆုံးဖြတ်ထားကြခြင်း ဖြစ်ပြီး အန်တိုနယ်လ်လာ၏ ဝမ်းကွဲအစ်ကိုဖြစ်သူ လူးကပ်စ်ဆကာဂလီယာမှာလည်း ရိုဆာရီယိုမြို့၌ပင် အခြေချ နေထိုင်လျက်ရှိသည်။

မက်ဆီနှင့် အန်တိုနယ်လ်လာတို့သည် ၂၀၀၈ ခုနှစ်တွင် ချစ်သူဘဝသို့ စတင်ရောက်ရှိခဲ့ကြပြီး ၂၀၁၀ ပြည့်နှစ်တွင် အန်တိုနယ်လ်လာက အာဂျင်တီးနားမှနေ၍ စပိန်သို့ ပြောင်းရွှေ့အခြေချကာ မက်ဆီနှင့်အတူ လိုက်ပါနေထိုင်ခဲ့သည်။

မက်ဆီနှင့် အန်တိုနယ်လ်လာတို့သည် အတူနေ ချစ်သူဘဝကို ဖြတ်သန်းခဲ့စဉ် ကာလအတွင်း သားနှစ်ဦး ထွန်းကားခဲ့ပြီး အဆိုပါ သားနှစ်ဦးမှာ လေးနှစ်အရွယ်ရှိ သီယာဂိုနှင့် တစ်နှစ်အရွယ်ရှိ မာတီယိုတို့ ဖြစ်ကြသည်။

မက်ဆီနှင့် အန်တိုနယ်လ်လာတို့သည် ၎င်းတို့၏ လက်ထပ်မင်္ဂလာပွဲကို လာမည့် ၂၀၁၇ ခုနှစ် နှစ်လယ်ကာလတွင် ကျင်းပသွားဖွယ် ရှိကြောင်း အာဂျင်တီးနား သတင်းဌာန La Nacion က အသိပေးထားပြီး လက်ထပ်မင်္ဂလာပွဲ ကျင်းပမည့်နေ့မှာ မက်ဆီ၏ အသက် ၃၀ ပြည့် မွေးနေ့ကျရောက်မည့် ၂၀၁၇ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ ဖြစ်ဖွယ်ရှိကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။

မက်ဆီသည် လက်ရှိ ဘောလုံးရာသီအပြီးတွင် ဇွန်လ ၁၂ ရက်ကို နောက်ဆုံးထား၍ မွေးရပ်ဇာတိ ရိုဆာရီယိုမြို့သို့ ပြန်ရန် အစီအစဉ် ရေးဆွဲထားပြီး လက်ထပ်မင်္ဂလာပွဲသို့ လက်ရှိ ဘာစီလိုနာ အသင်းဖော်များ၊ အာဂျင်တီးနား လက်ရွေးစင် အသင်းဖော်များနှင့် အသင်းဖော်ဟောင်းများကို အဓိကထား ဖိတ်ကြားသွားရန် မက်ဆီက စီစဉ်ထားသည်။

မက်ဆီနှင့် အန်တိုနယ်လ်လာတို့သည် လက်ထပ်မင်္ဂလာပွဲကို ရိုဆာရီယိုမြို့ရှိ အထင်ကရ ဘုရားရှိခိုးကျောင်း ဖြစ်သော Cathedral Basilica of Our Lady of the Rosary တွင် ကျင်းပသွားဖွယ်ရှိပြီး ဧည့်ခံပွဲကိုမူ ယင်းမြို့ရှိ ၎င်းမိသားစုပိုင် နေအိမ်တွင် ကျင်းပသွားရန် မက်ဆီက စဉ်းစားလျက်ရှိသည်။



FOLLOW US