News

POST TAGGED AS

မက်ဆီ

မက်ဆီနှင့် စာချုပ်သစ်ကိစ္စ ဆွေးနွေးရန် ဘာစီလိုနာ ပြင်ဆင်
ဘာစီလိုနာ၊ နိုဝင်ဘာ ၂၇

ဘာစီလိုနာအသင်း တာဝန်ရှိသူများသည် အသင်းတိုက်စစ်မှူး မက်ဆီကို စာချုပ်သစ် ချုပ်ဆိုရန်အတွက် ဆွေးနွေးညှိနှိုင်းသွားတော့မည် ဖြစ်ကာ အဆိုပါ ဆွေးနွေးမှုကို လာမည့် စနေနေ့တွင် ရီးရဲလ်မက်ဒရစ်နှင့် ယှဉ်ပြိုင်ရမည့် အယ်လ်ကလပ်စီကို ဒါဘီပွဲစဉ်အပြီးတွင် စတင်သွားမည်ဟု ဘာစီလိုနာအသင်းက အသိပေးထားကြောင်း Marca က ဖော်ပြထားသည်။

အသက် ၂၉ နှစ် အရွယ်ရှိ မက်ဆီနှင့် ဘာစီလိုနာအသင်း အကြားတွင် ချုပ်ဆိုထားသည့် လက်ရှိစာချုပ်သည် လာမည့် ၂၀၁၈ ခုနှစ် ဇွန်လတွင် သက်တမ်းကုန်ဆုံးတော့မည် ဖြစ်ကာ မက်ဆီကို ယခုတစ်ကြိမ် ကမ်းလှမ်းမည့် စာချုပ်သစ်မှာ ကစားသမားဘဝ ပြီးဆုံးချိန်တိုင်သည်အထိ အသင်း၌ ရှိသွားစေမည့် စာချုပ်အမျိုးအစား ဖြစ်သည်ဟု ဘာစီလိုနာအသင်း ဥက္ကဋ္ဌ ဘာတိုမီအူက ရှင်းပြထားသည်။

ဘာတိုမီအူသည် မက်ဆီကို စာချုပ်သစ် လက်မှတ်ရေးထိုးရန်အတွက် မက်ဆီ၏ အေးဂျင့်အဖြစ် တာဝန်ယူထားသော မက်ဆီ၏ ဖခင်ဖြစ်သူနှင့် စကားပြောဆိုနေပြီ ဖြစ်ကာ တရားဝင် ဆွေးနွေးမှုများကိုမူ အယ်လ်ကလပ်စီကို ဒါဘီပွဲစဉ် အပြီးတွင် အစပြုနိုင်လိမ့်မည်ဟု ဘာတိုမီအူက အခိုင်အမာ ယုံကြည်ထားသည်။

မက်ဆီသည် များမကြာမီက ဘာစီလိုနာနှင့် စာချုပ်သစ် လက်မှတ်ရေးထိုးမည့် ကိစ္စကို လက်ရှိစာချုပ်သက်တမ်း ကုန်ဆုံးချိန်သို့ ရောက်မှသာ ဆုံးဖြတ်ချက် ချမှတ်လိုကြောင်း ဖွင့်ဟပြောကြားခဲ့သေးကာ ဘာစီလိုနာအသင်း တာဝန်ရှိသူများကမူ မက်ဆီကို ခေါ်ယူရန် ပြိုင်ဘက် ကလပ်အသင်းများစွာက စောင့်ကြည့်အကဲခတ်မှုများ ရှိနေသည့်အတွက် စာချုပ်သစ်ကို အမြန်ဆုံး အကောင်အထည် ဖော်လိုလျက် ရှိကြသည်။



FOLLOW US