News

POST TAGGED AS

မက်ဆီ

17-Nov-2016

မက်ဆီ
သတင်းမီဒီယာများကို အာဂျင်တီးနား ကစားသမားများ သပိတ်မှောက်
ဗျူနိုအေရိစ်၊ နိုဝင်ဘာ ၁၆

အာဂျင်တီးနား လက်ရွေးစင်အသင်း ကစားသမားများသည် အာဂျင်တီးနားက ကိုလံဘီယာကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲအပြီးတွင် သတင်းမီဒီယာများကို စုရုံးသပိတ်မှောက်ခဲ့ကြကြောင်း Sportmail က ဖော်ပြထားသည်။

အာဂျင်တီးနားအသင်း ကစားသမားများသည် အစောပိုင်း၌ ပွဲအပြီး သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို လုံးဝ မတက်ရောက်ဘဲနှင့် သတင်းမီဒီယာများကို သပိတ်မှောက်ရန် စီစဉ်ထားခဲ့ကြခြင်း ဖြစ်ပြီး နောက်ပိုင်းတွင်မူ အသင်းခေါင်းဆောင် မက်ဆီ၏ အစီအစဉ်ဖြင့် သပိတ်မှောက်သည့် ပုံစံကို ပြောင်းလဲပစ်လိုက်ကြခြင်း ဖြစ်သည်။

မက်ဆီသည် ပွဲအပြီးတွင် အာဂျင်တီးနား ကစားသမားများကို ဦးဆောင်၍ သတင်းစာရှင်းလင်းပွဲ အခမ်းအနားသို့ ရောက်ရှိလာခဲ့ကာ သတင်းစာရှင်းလင်းပွဲ အခမ်းအနားသို့ ရောက်ရှိနေကြသည့် သတင်းမီဒီယာများကို မေးခွန်းများ မမေးမြန်းစေဘဲ ၎င်းပြောကြားလိုသည့် အကြောင်းအရာများကိုသာ အာဂျင်တီးနား အသင်းသားများ ကိုယ်စား မက်ဆီက ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

အာဂျင်တီးနား ကစားသမားများသည် ၎င်းတို့၏ လက်ရွေးစင် အသင်းဖော် လာဗက်ဇီကို အာဂျင်တီးနား ရေဒီယိုသတင်းဌာန Mitre ၏ သတင်းထောက်တစ်ဦး ဖြစ်သော ဂါဘရီရယ်လ် အေနယ်လ်လိုက ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်ထိုးနှက်သည်ဟု ဆိုကာ ဒေါသပေါက်ကွဲခဲ့ကြခြင်း ဖြစ်ပြီး အေနယ်လ်လိုက အာဂျင်တီးနားနှင့် ကိုလံဘီယာတို့ ခြေစစ်ပွဲမကစားမီ တစ်ရက်အလိုတွင် လာဗက်ဇီမှာ အသင်းလေ့ကျင့်ရေး အစီအစဉ်များ အပြီး၌ ဆေးရွက်ကြီး ရှူနေသည်ဟု ၎င်း၏ တွစ်တာလူမှုကွန်ရက် စာမျက်နှာထက်တွင် ရေးသားကာ သတင်းဖော်ပြခဲ့ကြောင်း အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာထားသည်။

လာဗက်ဇီသည် သတင်းထောက် အေနယ်လ်လို၏ ဖော်ပြချက်များမှာ အလိမ်အညာများသာ ဖြစ်သည်ဟု ဒေါသတကြီး တုံ့ပြန်သွားခဲ့ပြီး မက်ဆီက သတင်းမီဒီယာများကို စကားပြောချိန်တွင် အခြားသော အာဂျင်တီးနားအသင်း ကစားသမားများနှင့်အတူ လာဗက်ဇီလည်း ရှိနေခဲ့သည်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်လာသည့် သတင်းမီဒီယာများကို မက်ဆီက “ကျွန်တော်တို့ ဒီနေ့မှာ မီဒီယာတွေကို စကားမပြောဘူးလို့ ဆုံးဖြတ်ထားပါတယ်။ ဘာကြောင့်ဆိုတာကို အားလုံးလည်း သိပြီးသား ဖြစ်မှာပါ။ မလေးစားမှုတွေ၊ ပုဂ္ဂိုလ်ရေး အသေရေ ဖျက်မှုတွေကြောင့် ကျွန်တော်တို့ အရမ်းပဲ စိတ်ပျက်ရပါတယ်။ ပိုချို (လာဗက်ဇီလို ချစ်စနိုး ခေါ်ဝေါ်သည့် အမည်) ကို ထိုးနှက်တိုက်ခိုက်မှုက တကယ့်ကို ဒေါသထွက်စရာပါပဲ။ ကျွန်တော်တို့ ကစားပုံ မကောင်းခဲ့ရင် ဒါမှမဟုတ် ရှုံးခဲ့ရင် ခင်ဗျားတို့ ကြိုက်သလို ဝေဖန်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ အခုကိစ္စက ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ဝင်ရောက်စွက်ဖက်တာပါ။ ခင်ဗျားတို့ဘက်က ဒီအတိုင်း ဆက်လုပ်နေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ တုံ့ပြန်မှုကလည်း ဒီအတိုင်း ဆက်ရှိနေမှာပါပဲ” ဟု ပြောကြားသွားခဲ့သည်။



FOLLOW US