News

POST TAGGED AS

မက်ဆီ

မက်ဆီနှင့် စကားအချေအတင် ဖြစ်ခဲ့သည်ဟု အာတီတာ ဖြစ်ကြောင်း သတင်းထွက်
မန်ချက်စတာ၊ နိုဝင်ဘာ ၃

မန်စီးတီးက ဘာစီလိုနာကို သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ် အပြီးတွင် ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီသည် မန်စီးတီးအသင်း လက်ထောက်နည်းပြ အာတီတာနှင့် စကားအချေအတင် ဖြစ်ခဲ့ကြောင်း စပိန်သတင်းဌာန La Cope က ဖော်ပြထားသည်။

အစောပိုင်း၌ မက်ဆီနှင့် စကားအချေအတင် ဖြစ်ခဲ့သည်မှာ မန်စီးတီးအသင်း ကစားသမားများ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သေးကာ လက်ရှိတွင် မက်ဆီနှင့် စကားအချေအတင် ဖြစ်ခဲ့သည်မှာ အာတီတာ ဖြစ်ကြောင်းကို သတင်းမီဒီယာ အများစုကလည်း အတည်ပြုလိုက်ကြပြီ ဖြစ်သည်။

မက်ဆီသည် မန်စီးတီးနှင့် ဘာစီလိုနာတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် အပြီးတွင် ဒိုင်လူကြီးများ နားနေခန်း အပြင်ဘက်၌ ဒိုင်လူကြီးများနှင့် တွေ့ဆုံစကားပြောဆိုရန် စောင့်ဆိုင်းနေခဲ့သည်ကို အာတီတာက “ငတုံးလို လုပ်မနေစမ်းပါနဲ့။ ကိုယ့်အဝတ်လဲခန်း ကိုယ်သွားစမ်းပါကွာ” ဟု ပြောကြားလိုက်ရာက တစ်ဆင့် စကားအချေအတင် ဖြစ်ခဲ့ကြခြင်း ဖြစ်ပြီး အာတီတာ၏ ပြောစကားများကို မက်ဆီက “အဲ့ဒီကနေပြီး ဘာလို့ လှမ်းပြောနေတာလဲ။ ဒီအနားကိုလာပြီး ငါနဲ့မျက်နှာချင်းဆိုင် ပြောပါလား။ ငတုံးရ” ဟု တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။

မက်ဆီနှင့် အာတီတာတို့၏ စကားခွန်းတုံ့ပြန် အချေအတင်ဖြစ်မှုကို မက်ဆီ၏ အာဂျင်တီးနား လက်ရွေးစင် အသင်းဖော် မန်စီးတီး တိုက်စစ်မှူး အဂူရိုက ကြားဝင်ဖျောင်းဖျပေးခဲ့ရပြီး အဂူရိုက နားချလိုက်အပြီးတွင်မူ မက်ဆီက ဒေါသကို ဖြေလျှော့သွားခဲ့ကြောင်း ဖြစ်စဉ်အနီးတွင် ရှိနေခဲ့သည့် ကွင်းလုံခြုံရေး ဝန်ထမ်းများက အသိပေးသွားခဲ့ကြသည်။

မက်ဆီသည် မန်စီးတီးက ဘာစီလိုနာကို သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် အဆိုပါပွဲစဉ်တွင် သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့သည့်အတွက် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးဟောင်း ရာအူးလ်၏ ချန်ပီယံလိဂ အုပ်စုအဆင့် သွင်းဂိုး ၅၃ ဂိုး စံချိန်ကို ကျော်ဖြတ်သွားနိုင်ခဲ့ပြီ ဖြစ်ကာ လက်ရှိတွင် မက်ဆီ၏ ချန်ပီယံလိဂ် အုပ်စုအဆင့် သွင်းဂိုးအရေအတွက်မှာ ၅၄ ဂိုး ရှိသွားခဲ့ပြီ ဖြစ်သည်။

ဘာစီလိုနာသည် ၂ နှစ်အတွင်း ချန်ပီယံလိဂ်အုပ်စု အဆင့်တွင် ပထမဆုံးအကြိမ်အဖြစ် ရှုံးပွဲကြုံဆုံခဲ့ရခြင်း ဖြစ်ကာ မန်စီးတီးနည်းပြ ဂွါဒီယိုလာကမူ အဆိုပါပွဲစဉ်၌ ၎င်း၏ မန်စီးတီးအသင်းမှာ ဘာစီလိုနာနှင့် ယှဉ်ပြိုင်ခဲ့ရခြင်း မဟုတ်ဘဲ လက်ရှိအသုံးပြုနေသည့် ကစားဟန် စတင်ခဲ့ရာ ဘူမိနက်သန်နှင့် ယှဉ်ပြိုင်ခဲ့ရခြင်း ဖြစ်သည်ဟု သုံးသပ်သွားခဲ့သည်။



FOLLOW US