News

POST TAGGED AS

ဘဏ္ဍာရေး

27-May-2018

မူဝါဒ သကြား
သကြားနှင့်ပတ်သက်သည့် မူဝါဒ မခိုင်မာ၍ နိုင်ငံခြားစက်ရုံများက ဖက်စပ်လုပ်ရန် ဖျက်သိမ်း
ရန်ကုန်၊ မေ ၂၆

သကြားနှင့်ပတ်သက်၍ မူဝါဒ အခိုင်အမာမရှိသောကြောင့် နိုင်ငံခြား သကြားစက်ရုံများက ပြည်တွင်းသကြားစက်များနှင့် အကျိုးတူဖက်စပ်လုပ်ရန် ဖျက်သိမ်းမှုများရှိကြောင်း ကြံနှင့်သကြား စိုက်ပျိုးထုတ်လုပ်သူများအသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောကြားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်ရန် ခက်ခဲသည့် အဓိကအကြောင်းအရင်းမှာ သကြားစက်မှုဇုန်များ သတ်မှတ်ရာတွင် နီးကပ်လွန်းခြင်း၊ ကြံဖတ်များမှ လျှပ်စစ်ထုတ်မည်ဆိုပါက ပြန်လည်ဝယ်ယူမည့်စနစ် မရှိခြင်း၊ ဇီဝလောင်စာဆီများ ဝယ်ယူရန် မူဝါဒမရှိခြင်းနှင့် လက်ရှိကောက်ခံနေသည့် သကြားသွင်းကုန်အခွန်မှာ နည်းပါးနေခြင်းများကြောင့်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အခုက စစ်ကိုင်းမှာတည်ဆောက်နေတဲ့ သကြားစက်ရုံဆိုရင် အရင်က နိုင်ငံခြားကုမ္ပဏီနဲ့ ဖက်စပ်လုပ်ဖို့ အကုန်လုံးလုပ်ထားပြီးသား။ နောက်တော့ ဒီမူဝါဒတွေမရှိတော့ ဟိုဘက်က ဖျက်သွားတယ်။ ထိုင်းနိုင်ငံဘက်ကိုပဲ သကြားစက်ရုံတွေက အဓိကသွားကြတယ်”ဟု ၎င်းက ဆိုသည်။

ကြံ၊ သကြား ဥပဒေမပြဋ္ဌာန်းနိုင်သည့် အတွက်လည်း ပို့ကုန်/သွင်းကုန် လုပ်ငန်းများတွင် အခက်အခဲများဖြစ်နေပြီး နိုင်ငံခြားမှ သကြားစက်ရုံများကလည်း ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံရန် လက်တွန့်နေရခြင်းဖြစ်ကြောင်း ကြံနှင့်သကြား စိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရသည်။

သကြား Re-export စနစ်ထက် ပြည်တွင်းတွင် သကြားစက်ရုံများ လာရောက်ရင်းနှီးမြှုပ်နှံရန် ကြိုးစားသွားမည်ဟု စီမံဘဏ္ဍာဝန်ကြီးက ပြောကြားသော်လည်း အောက်ခြေတွင် ဖြစ်ပျက်နေသည့် လိုအပ်ချက်များကို လျစ်လျူရှုထားခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများက ရာနှုန်းပြည့်ဖြစ်စေ၊ ဖက်စပ်ဖြစ်စေ မဝင်လာခြင်းဖြစ်ကြောင်း သကြားကုန်သည် ဦးစိုင်းဟန်က ပြောကြားသည်။

လက်ရှိတွင် သကြားထုတ်လုပ်သည့် အကြီးစားစက်ရုံ ၇ ရုံနီးပါးရှိပြီး ထုတ်လုပ်မှုနှုန်းမှာ တစ်နှစ်လျှင် သကြားတန်ချိန် လေးသိန်းခွဲသာ ထုတ်လုပ်နိုင်သေးကြောင်း ကြံနှင့်သကြား စိုက်ပျိုးထုတ်လုပ်သူများအသင်းထံမှ သိရသည်။ 

J-13



FOLLOW US