News

POST TAGGED AS

ဘဏ္ဍာရေး

24-May-2018

အစိုးရ NCA
အစိုးရနှင့် အပစ်ရပ်ထိုးပြီးအဖွဲ့များ ဆွေးနွေးမှု တင်းမာမှုအချို့ရှိ
နေပြည်တော်၊ မေ ၂၃ 

ပင်လုံညီလာခံသို့ ဦးတည်လုပ်ဆောင်နေသော အပစ်အခတ်ရပ်ရေးစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော အဖွဲ့များနှင့် အောက်ခြေအဆင့် ညှိနှိုင်းဆွေးနွေးမှုများတွင် တင်းမာမှုအချို့ရှိနေကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။ 

“အပစ်ရပ်အဖွဲ့တွေနဲ့ တင်းမာမှုတွေရှိတယ်၊ NCA ထိုးထားတဲ့ အဖွဲ့တွေနဲ့ တင်းမာမှုတချို့ရှိတယ်”ဟု ၎င်းက ပြောဆိုသည်။ 

နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ မေလ ၂၃ ရက်နေ့က ပြုလုပ်သည့် အစိုးရ ၂ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။ 

“သဘောမတူတာတွေ ဆက်ကာဆက်ကာ ဆွေးနွေးလာရင် ဘာဖြစ်လာလဲဆိုတော့ သမိုင်းကြောင်းတွေပါလာပြီး ပြောရင်းပြောရင်းနဲ့ ပိုပြီးတင်းမာမှုတွေ ပါလာတယ်”ဟု ၎င်းက ရှင်းပြသည်။ 

ယင်းကြောင့် ပြေလည်မှုရရန် နည်းမျိုးစုံရှာဖွေ၍ ညှိနှိုင်းတိုင်ပင်ဆွေးနွေးနေရကြောင်း၊ အောက်ခြေတင်းမာမှုရှိသည့် အချက်များရှိပါက တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းရသည့် အခြေအနေရှိကြောင်း ဦးဇော်ဌေးက ဆက်လက်ပြောဆိုသည်။ 

လက်ရှိတွင် ၂၁ ရာစု တတိယအကြိမ် ပင်လုံညီလာခံကို လုပ်ဆောင်ရန် စီစဉ်ခဲ့သည်မှာ ဇန်နဝါရီ၊ ဧပြီလကုန် မေလဆန်း၊ မေလကုန်ဟု သတ်မှတ်ခဲ့သော်လည်း ယခုအခါ ဇွန်လအတွင်း လုပ်ဆောင်ရန် ထပ်မံလျာထားကြောင်းလည်း ၎င်းက ရှင်းပြသည်။ 

“ဇွန်လထဲမှာတော့ ဖြစ်အောင် ကြိုးစားပါ့မယ်”ဟု ၎င်းက ပြောဆိုသည်။ 

NCA မထိုးသေးသောအချို့အဖွဲ့သည် NCA စာချုပ်ပါ အချက်တို့ကို ပြင်ဆင်လိုသည်ဟု တောင်းဆိုနေခြင်းသည် မဖြစ်နိုင်သည့် အခြေအနေဖြစ်ပြီး NCA ကို ပြင်လိုပါက အစိုးရအပါအဝင် လက်မှတ်ရေးထိုးပြီးသော အဖွဲ့များ၏ သဘောထားအပေါ် မူတည်သည့် အခြေအနေရှိကြောင်း ဦးဇော်ဌေးက ထပ်လောင်းပြောကြားသည်။

ယင်းအပြင် NCA စာချုပ်ပါ အချက်များတွင် ပြင်ဆင်ရန် အခန်းကဏ္ဍ မပါဝင်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

S-01

  • VIA


FOLLOW US