News

POST TAGGED AS

ဘူးသီးတောင်မြို့နယ်

ဘူးသီးတောင်မြို့နယ်ဆေးရုံတွင် အချုပ်သားလူနာဆောင် ထားရှိရန်စီစဉ်
ရန်ကုန်၊ ဇူလိုင် ၁၁

ဘူးသီးတောင် အကျဉ်းထောင်ရှိ လူနာများ ဆေးကုသရန် လိုအပ်ပါက လွှဲပြောင်းထားရှိရေးအတွက် ယင်းမြို့နယ် ဆေးရုံ၌ အချုပ်သားလူနာဆောင် (Guard Ward ) ထားရှိရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောကြားသည်။

“ထောင်ရှိတဲ့ နေရာတွေ ဆေးရုံအချုပ်ခန်းတွေထားဖို့ ကျန်းမာရေးဝန်ကြီးဌာနကို အမြဲအကြံပြုတယ်။ အထူးသဖြင့် အချုပ်သားများတဲ့ ဘူးသီးတောင်အကျဉ်းထောင်က ပိုလိုအပ်တယ်။ အဲ့ဒါကြောင့် ဝန်ကြီးဌာနက လုပ်ပေးတဲ့သဘောပါ”ဟု ၎င်းက ဆိုသည်။

ဘူးသီးတောင် အကျဉ်းထောင်သည် အကျဉ်းသား၊ အချုပ်သားစုစုပေါင်း တစ်ထောင်ကျော် ထိန်းသိမ်းထားရှိပြီး ဆေးဝါးကုသရာတွင် မြို့နယ်ဆေးရုံ၌ အချုပ်သားလူနာဆောင် မရှိသည့်အတွက် ယခုကဲ့သို့ စီစဉ်ရခြင်းဖြစ်ကြောင်း၊ ယခုနှစ်အတွင်း တိုးချဲ့ထားရှိမည်ဖြစ်ကြောင်း ပြည်နယ်အဆင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အချုပ်သားတွေကို သီးသန့်လူနာဆောင် ခွဲထုတ်ပေးတာပါ။ ကျန်တာ မြို့နယ်ဆေးရုံက တာဝန်ရှိသူတွေဆက်လုပ်မှာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါ အချုပ်ဆောင်လူနာဆောင်၌ လူနာအရေအတွက် ၃၀ကျော် ထားရှိနိုင်ရန် မျှော်မှန်းထားပြီး လုံခြုံရေးအရလည်း အချုပ်သားထွက်ပြေးမှုမရှိစေရန် ထိန်းချုပ်ပြီးသားဖြစ်မည်ဖြစ်ကြောင်း ယင်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ဆိုသည်။

ထို့အပြင် ဘူးသီးတောင်ဆေးရုံတွင် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JACA) အကူအညီဖြင့် သွေးလှူဘဏ်ငယ်တစ်ခု ထူထောင်ရန် စီစဉ်လျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။  

J-17



FOLLOW US