News

POST TAGGED AS

ဘူတာ

03-Sep-2018

ဈေး မန္တလေး
ဈေးချိုတော်အနီးရှိ လမ်းများကို လမ်းဧရိယာသတ်မှတ်မည်
မန္တလေး၊ စက်တင်ဘာ ၂

မန္တလေးမြို့ဈေးချိုတော် အနီးတစ်ဝိုက်ရှိ လမ်းများပေါ်တွင် ဈေးဆိုင်များ၊ ပွဲရုံများအနေနှင့် စည်းကမ်းမဲ့ အရောင်းအဝယ်မပြုလုပ်နိုင်ရန်နှင့် ကုန်တင်ကုန်ချ လုပ်ငန်းများဆောင်ရွက်နိုင်ရန် လမ်းဧရိယာ သတ်မှတ်သည့် မျဉ်းများရေးဆွဲမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ဈေးချိုအနီးတစ်ဝိုက် ယာဉ်ကြော ကျပ်တည်းခြင်း၊ လမ်းပိတ်ဆို့ခြင်းများ မဖြစ်ပေါ်စေရေးအတွက် ဈေးဆိုင်များ၊ ပွဲရုံများကို လမ်းပေါ်သို့ ကျူးကျော် ဈေးရောင်းခြင်း၊ ကုန်ပစ္စည်းအတင်အချပြုလုပ်ခြင်း၊ ကားများ အချိန်အကြာကြီး ရပ်တန့်ခြင်း မပြုလုပ်စေရန် လမ်းမျဉ်းများ ရေးဆွဲသတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း ဈေးနှင့်သားသတ်ဌာနဌာနမှူး ဦးခင်အောင်က ပြောကြားသည်။

“အခုဟာက ဆေးလိုင်းတွေ စနစ်တကျ ဆွဲပေးနေတယ်။ အားလုံးအတွက် အဆင်ပြေလွယ်ကူစွာ သွားလာနိုင်အောင် ဆောင်ရွက်တာပါ”ဟု ၎င်းက ဆိုသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် ဈေးချိုအနီးရှိ လမ်းမကြီးများဖြစ်သော ၈၄ လမ်း၊ ၈၅ လမ်းနှင့် ၈၆ လမ်းတို့၌ လမ်းဧရိယာ မကျူးကျော်ရန် သတ်မှတ်မျဉ်းများ ရေးဆွဲခြင်းကို ၂၈ လမ်းမှ လမ်း ၃၀ အထိ ဖော်ဆောင်သတ်မှတ်မည်ဖြစ်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

ယင်းလမ်းများပေါ်တွင် ကျူးကျော်ဆိုင်ခင်းခြင်း၊ အမိုးအကာများသည် လမ်းဧရိယာကို ကျော်လွန်လုပ်ဆောင်ခြင်း၊ လမ်းသွား၊ လမ်းလာများလည်း အခက်အခဲဖြစ်ရသကဲ့သို့ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်လျက်ရှိကြောင်း မန်းမြန်မာပလာဇာဈေး အကျိုးတော်ဆောင် တွဲဖက်အတွင်းရေးမှူး ဦးတင့်ဇော်မောင်က ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက သတ်မှတ်ထားသော လမ်းစည်းကမ်းများကို အရောင်းဆိုင်များနှင့် ပွဲရုံများသည် ဖောက်ဖျက်ကျူးလွန်ပါက သတိပေးခြင်း၊ ဒဏ်ငွေရိုက်ခြင်း၊ လုပ်ငန်းလိုင်စင်ယာယီ ပိတ်သိမ်းသည့်အထိ သက်ဆိုင်ရာဌာနများက အရေးယူမည်ဖြစ်ကြောင်း ဦးခင်အောင်က ပြောကြားသည်။  

M-08



FOLLOW US