News

POST TAGGED AS

ဘူတာ

01-Jun-2018

စက်သုံးဆီ ဈေး
စက်သုံးဆီဈေး ဆက်တက်
ရန်ကုန်၊ မေ ၃၁

စင်ကာပူစက်သုံးစီဈေးနှုန်း (Mops) များ ကျဆင်းသော်လည်း ပြည်တွင်းစက်သုံးဆီ လက်လီဈေးနှုန်းများမှာ ဆက်လက် မြင့်တက်ဆဲဖြစ်ကြောင်း စက်သုံးဆီဈေးကွက်အတွင်းမှ သိရသည်။

ပြည်ပဈေးသည် မေလ တတိယပတ်ကထက် ဒီဇယ်တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၄ ဒေါ်လာခန့်၊ အောက်တိန်း တစ်စည်လျှင် ၅ ဒေါ်လာခန့် ကျဆင်းသဖြင့် ပြည်တွင်းစက်သုံးဆီလက်ကားဈေးမှာ တစ်လီတာလျှင် ၁၅ ကျပ်မှ ၃၅ ကျပ်အထိကျဆင်းသော်လည်း လက်လီ ဈေးမှာမူ တစ်လီတာလျှင် ၅ ကျပ်မှ ၁၅ ကျပ်အထိ ထပ်မံမြင့်တက်ကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ သိရသည်။

“အခုက Mops ဈေးတော့ ပြန်ကျလာတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ကသွင်းခဲ့တဲ့ သင်္ဘောတွေက Earning (ဒေါ်လာ) ဈေး အမြင့်နဲ့ သွင်းခဲ့ရတာဆိုတော့ ဈေးကမြင့်လာရတာပါ။ နောက်သင်္ဘောတွေဆိုရင်တော့ ဈေးပြန်ကျဖို့ရှိပါတယ်။ နှစ်စဉ် မေလဆိုရင် ဒီလိုဖြစ်တတ်ပါတယ်။ ဇွန်လ ဆိုရင်တော့ ပြန်ကျသွားတတ်ပါတယ်”ဟု Terminal စက်သုံးဆီဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ပြည်တွင်းစက်သုံးဆီလက်လီဈေးသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ရှစ်နှစ်အတွင်း အမြင့်ဆုံးဈေးများအဖြစ် မေလတတိယပတ်အတွင်း စံချိန်တင်ထားရာမှ ယင်းဈေးထက် ယခုအခါ ထပ်မံမြင့် တက်လာခဲ့ခြင်းဖြစ်သည်။

သို့သော် လက်ရှိရောင်းချနေသည့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ နိုင်ငံတကာပေါက်ဈေးအောက် လျှော့ချရောင်းချနေခြင်းဖြစ်ကြောင်း မေလ ၂၂ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်း ရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောဆိုထားသည်။

ပြည်တွင်းစက်သုံးဆီဈေးသည် Mops ဈေးနှင့် အမေရိကန်ဒေါ်လာဈေးနှုန်းတို့အပေါ်မူတည်၍ ပြောင်းလဲခြင်းဟု ဆိုသော်လည်း ယခုအခါ Mops ဈေးနှုန်းများ ကျဆင်းလာသည့်အပြင် ပြီးခဲ့သည့် အပတ်ကထက် ဒေါ်လာဈေးမှာလည်း တစ်ဒေါ်လာလျှင် ၃ ကျပ်ခန့် ပြန်လည်ကျဆင်းကြောင်း ယင်းဈေးကွက်များအတွင်းမှ သိရသည်။

ထိုသို့ စက်သုံးဆီဈေးနှုန်းများ မြင့်တက်ခြင်းကြောင့် ရန်ကုန်မြို့တွင်းရှိ အငှားယာဉ်စီးခနှုန်းထားများ မြင့်တက်လာကြောင်း စီးနင်းသူများထံမှ သိရသည်။

လက်ရှိ စက်သုံးဆီလက်လီဈေးသည် ဒီဇယ်တစ်လီတာလျှင် ၉၀၅ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာလျှင် ၉၂၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၈၈၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ လျှင် ၉၃၀ ကျပ်ဈေးရှိပြီး လက်ကားဈေးတွင် ဒီဇယ်တစ်လီတာလျှင် ၈၈၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် တစ်လီတာလျှင် ၈၉၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာလျှင် ၈၂၅ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ လျှင် ၈၈၀ ကျပ်ခန့် ဈေးရှိကြောင်း အဆိုပါ ဈေးကွက်အတွင်းမှ သိရသည်။

ပြည်ပ စက်သုံးဆီဈေးသည် အောက်တိန်း ၉၂ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၄ ဒေါ်လာကျော်၊ အောက်တိန်း ၉၅ တစ်စည်လျှင် ၈၆ ဒေါ်လာကျော်၊ ဒီဇယ်တစ်စည်လျှင် ၈၈ ဒေါ်လာကျော်၊ အဆင့် မြင့်ဒီဇယ်တစ်စည်လျှင် ၈၉ ဒေါ်လာကျော်ဈေးရှိကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

S-04



FOLLOW US