News

POST TAGGED AS

ဘုရား

ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ဓာတ်လှေကား စက်ချို့ယွင်း၍ လူ ၁၆ ဦး တစ်နာရီကျော်ကြာ ပိတ်မိ


ရန်ကုန်၊ မေ ၁၉

ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် မေလ ၁၉ ရက် နံနက် ၈ နာရီခန့်က ဘုရားပေါ်တက်သည့် ဓာတ်လှေကားတစ်စင်း စက်ချို့ယွင်း၍ လူ ၁၆ ဦးမှာ ဓာတ်လှေကားအတွင်း တစ်နာရီကျော်ကြာ ပိတ်မိနေခြင်းကြောင့် ဓာတ်လှေကား အမိုးဖြုတ်ကာ အရေးပေါ်ကယ်ဆယ်လိုက်ရကြောင်း ရွှေတိဂုံဘုရားဂေါပက အဖွဲ့၊ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောကြားသည်။

“အရင်တုန်းက ဓာတ်လှေကားတွေက အော်တိုဘရိတ်ဖမ်းတယ်။ အဲ့ဒါဆို ဘရိတ်ခွာပြီးတော့ ဖြည်းဖြည်းချင်း လျှောချရင်ရတယ်။ အခုဖြစ်တဲ့ ဓာတ်လှေကားရဲ့ ဘရိတ်က လုံးဝခွာမရတော့ လူတွေကို ကြိုးဆိုင်းနဲ့ အပေါ်ဆွဲတင်ပြီး ခက်ခက်ခဲခဲ ကယ်လိုက်ရတယ်။ ထိခိုက်ဒဏ်ရာတော့ တစ်ယောက်မှမရှိဘူး”ဟု ၎င်းက ဆိုသည်။

လက်ရှိ စက်ချို့ယွင်း၍ ရပ်တန့်ခဲ့သော ဓာတ်လှေကားကို မစ်ဆူဗစ်ရှီကုမ္ပဏီက ယခုနှစ် ဧပြီလက လှူဒါန်းထားခြင်းဖြစ်ပြီး ဓာတ်လှေကားပြေးဆွဲမှု တစ်လကျော်အတွင်း ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါပိတ်မိခဲ့သော ဓာတ်လှေကားအတွင်း အမျိုးသားငါးဦး၊ အမျိုးသမီးကိုးဦးနှင့် ကလေးနှစ်ဦး ပါဝင်ခဲ့ပြီး ဓာတ်လှေကားမှာ အမြင့် ၁၅ ပေ၌ ရပ်တန့်နေခဲ့ခြင်းဖြစ်ပြီး ရွှေတိဂုံဘုရားရှိ လုံခြုံမီးသတ်ဌာန၊ လျှပ်စစ်ဌာနနှင့် ဓာတ်လှေကား ဝန်ထမ်းများက ပူးပေါင်း၍ အရေးပေါ် ကယ်ဆယ်ခဲ့ရခြင်းဖြစ်ကြောင်း ရွှေတိဂုံဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ 

“ရုတ်တရက်ကြီး ဗြုန်းခနဲ ရပ်သွားတာ။ ကလေးနှစ်ယောက် လန့်ပြီးငိုတော့ ကိုယ်ပါစိတ်မကောင်းဖြစ်ပြီး ငိုမိတယ်။ အထဲမှာ လေလုံနေတော့ အသက်ရူကျပ်တယ်။ ဝန်ထမ်းကောင်လေးက မစိုးရိမ်ဖို့ အားပေးရှာတယ်။ ပိတ်မိတာ တစ်နာရီကျော်ကြာတယ်”ဟု ဓာတ်လှေကား အတွင်းပိတ်မိသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

လက်ရှိတွင် ဓာတ်လှေကား လှူဒါန်းထားသည့် မစ်ဆူဗစ်ရှိကုမ္ပဏီက လာရောက်စစ်ဆေး ပြုပြင်လျက်ရှိပြီး စက်ချို့ယွင်းရသည့်အကြောင်းအရင်းကို မသိရသေးကြောင်း ရွှေတိဂုံဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ထပ်မံဆိုသည်။

“မစ်ဆူဗစ်ရှီကုမ္ပဏီက စစ်ဆေးနေတယ်။ အဓိက ဘာလို့ဖြစ်တယ်ဆိုတာ သိရဖို့ပေါ့။ အရင်တုန်းက စက်တွေ ရပ်သွားရင် ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်ထက်မပိုဘူး ပြန်ရတယ်။ အဲ့လို နောက်မဖြစ်အောင် ဘာတွေ ကာကွယ်ရမယ်၊ ဘာတွေ လုပ်ရမယ်ဆိုတာ ကုမ္ပဏီနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်”ဟု ၎င်းက ဆိုသည်။

လတ်တလောတွင် အရှေ့ဘက်မုခ်ရှိ ဓာတ်လှေကားနှစ်စင်းအား ယာယီပိတ်ထားပြီး ဘုရားဖူးသူများကို စောင်းတန်းလှေကားမှ တက်ရောက်ရန် နှိုးဆော်ပေးနေကြောင်း ရွှေတိဂုံဘုရားဂေါပက အဖွဲ့ထံမှသိရသည်။

အလားတူ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလက ဟိမဝန္တာမှ မြတ်စွာဘုရား၏ နံရိုးတော်ကို ပင့်ဆောင်၍ ရွှေတိဂုံဘုရား၌ အပူဇော်ခံထားသည်ကို လာရောက်ဖူးမြှော်သူများအနက် ဘုရားတောင်ဘက်မုခ်ရှိ ဓာတ်လှေကားအတွင်း လူ ၃၀ ခန့်မှာ ယခုကဲ့သို့ စက်ချို့ယွင်းပိတ်မိခဲ့ဖူးကြောင်း ရွှေတိဂုံဘုရား ဂေါပကအဖွဲ့ထံမှသိရသည်။

J-17




FOLLOW US