News

POST TAGGED AS

ဘုရား

19-Feb-2018

မုံရွာ ဘုရား
ကမ္ဘာ့အကြီးဆုံး ရပ်တော်မူဘုရားတွင် ဓာတ်လှေကားစတင်ဖွင့်လှစ်c
မုံရွာ၊ ဖေဖော်ဝါရီ ၁၈

မုံရွာမြို့နယ်၊ ခတက္ကန်တောင်ရွာရှိ မဟာဗောဓိတစ်ထောင် သာသနာ့မြေရှိ ရပ်တော်မူရုပ်ပွားတော်သို့ တက်ရောက်နိုင်သည့် ဓာတ်လှေကားကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် စတင်ဖွင့်လှစ်အသုံးပြုခဲ့ကြောင်း ဗောဓိတစ်ထောင် နာယက ဆရာတော်များထံမှ သိရသည်။ 

ရပ်တော်မူရုပ်ပွားတော်မှာ လုံးတော်တွင်း အထပ်ပေါင်း ၃၃ ထပ်ရှိရာ ၁၈ ထပ် အထိသို့ တက်ရောက်နိုင်သော ဓာတ်လှေကားတည်ဆောက်မှုကို ရန်ကုန်မြို့ရှိ အလှူရှင် မိသားတစ်စုက ကျပ်သိန်းတစ်ထောင်ကျော် ကုန်ကျခံ၍ လှူဒါန်းကုသိုလ်ပြုခြင်းဖြစ်ကာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ဖွင့်လှစ်၍ ရေစက်ချအခမ်းအနားကျင်းပခဲ့ခြင်းဖြစ်ကြောင်း ယင်းဆရာတော်များထံမှ သိရသည်။ 

“သက်ကြီးရွယ်အိုတွေ တက်ရောက်ဖူးမြော်နိုင်အောင် ကုသိုလ်ပြုထားတာပါ။ ရှစ်ယောက်စီးနိုင်တယ်။ လူငယ်တွေကတော့ အထပ်ထပ်မှာရှိတဲ့ မှတ်သားစရာတွေ ကြည့်ရှုမှတ်သားလေ့လာရအောင် ခြေလျင်တက်စေချင်တယ်”ဟု ဆရာတော်တစ်ပါးက မိန့်ဆိုသည်။ 

အဆိုပါ ဓာတ်လှေကားကို ဘုရားဖွင့်ချိန် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားမည်ဖြစ်သည်။ 

အမြင့်ပေ ၄၂၄ ပေရှိ ကမ္ဘာ့အကြီးဆုံး ရပ်တော်မူလေးကျွန်းစကြာ ရုပ်ပွားတော်ကြီးကို ၁၁ နှစ်နှင့် သုံးလကြာ တည်ဆောက်ခဲ့ပြီး အထပ်ပေါင်း ၃၃ ထပ်တွင် ၃၁ ဘုံ ပြခန်းများပြသထား၍ ၂၇ ထပ်အထိ ဘုရားဖူးများ ခြေလျင်တက်ရောက် ဖူးမြော်နိုင်မည်ဖြစ်သည်။

R-08



FOLLOW US