News

POST TAGGED AS

ဘုရား

02-Feb-2018

မုံရွာ ဘုရား
အလောင်းတော်ကဿပ လိုဏ်ဂူတံခါးပွင့်ဟု ဘုရားဖူးများပြော


မုံရွာ၊ ဖေဖော်ဝါရီ ၁

စစ်ကိုင်းဒေသကြီး၊ ကနီမြို့နယ်၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်အတွင်းတည်ရှိပြီး ရှင်မဟာကဿပ ပရိနိဗ္ဗာန်ပြုရာ ကျောက်ဂူဟု ယုံကြည်ကြသည့် ကျောက်လိုဏ်ဂူတံခါးမှာ တပို့တွဲလဆန်း ၁၄ ရက်နေ့ (ဇန်နဝါရီလ ၃၀ ရက်) ည ၈ နာရီခန့်က ၁၅ မိနစ်ခန့် ကြာပွင့်ခဲ့ကြောင်း ဘုရားဖူးခရီးသွားများထံမှ သိရသည်။

အလောင်းတော်ကဿပဘုရားသို့ တစ်နှစ်ပတ်လုံးတွင် ပွင့်လင်းရာသီ လေးလသာ သွားလာဖူးမြော်နိုင်ပြီး မုံရွာမြို့မှ မိုင် ၆၀ ကျော်ဝေး၍ မြန်မာပြည်အနှံ့အပြားမှ ဖူးမြော်သူများပြားသည့်အချိန် ဇန်နဝါရီလ ၃၀ ရက်နေ့ ဘုရားပွဲတော်မကျင်းပမီညက ပွင့်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနေ့က ကျောက်သားတံခါးမှာ အသံမြည်ဟည်းကာ လက်တစ်လုံးစာပွင့်ချိန်တွင် ဖူးမြော်နေသူဘုရားဖူးများက ငွေကြေးနှင့် လက်ဝတ်ရတနာများကို လှူဒါန်းခဲ့ကြောင်း ကနီမြို့မှ ဘုရားဖူးသွားရောက်သည့် ဦးသန်းဌေးအောင်က ပြောကြားသည်။

နှစ်စဉ် ဘုရားပွဲတော်ကျင်းပချိန် ကျောက်လိုဏ်ဂူရှေ့၌ သံဃာတော်များ ပရိတ်ပဋ္ဌာန်းများရွတ်ချိန်တွင် ကျောက်လိုဏ်ဂူတံခါးပွင့်လေ့ရှိပြီး ယခုနှစ်တွင် လမပြည့်မီညက ပွင့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

“ဖူးထိုက်သူတွေ ဖူးခွင့်ရခဲ့ကြတယ်။ ကဿပမထေမြတ်ကြီး ပရိနိဗ္ဗာန်ပြုတော်မူတဲ့ တပို့တွဲလပြည့်မှာ ကျောက်လိုဏ်ဂူတော် ပွင့်ခြင်းဖြစ်တာလို့ ကျွန်တော်တို့ ယုံကြည်ကြပါတယ်”ဟု ဦးသန်းဌေးအောင်က ဆိုသည်။ 

ယင်းသို့ ကျောက်လိုဏ်ဂူတံခါးပွင့်ချိန်တွင် အလောင်းတော်ကဿပဘုရား ဂေါပကအဖွဲ့တာဝန်ရှိသူများက မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးနိုင်ခဲ့သည်။ 

အလောင်းတော်ကဿပဘုရားသည် တပို့တွဲလပြည့်နေ့၌ ကျောက်တံခါးလိုဏ်ဂူကြီးသည် အနည်းငယ်ပွင့်လာလေ့ရှိသည်ဟုဆိုကာ ဘုရားဖူးခရီးသွားများသည် အဆိုပါကျောက်ဂူပေါက်သို့ တက်ရောက်ကာ ဘုရားဖူးလေ့ရှိကြကြောင်း ခရီးသွားဝန်ဆောင်မှု ကားအသင်းများထံမှ သိရသည်။

“မနှစ်က တပို့တွဲနဲ့ တပေါင်းလပြည့်နေ့တွေမှာ နှစ်ကြိမ်ပွင့်တယ်”ဟု ညိုညိုဝင်း အလောင်းတော်ကဿပဘုရားဖူးကား အသင်းပိုင်ရှင် ဦးမြရဏ်ငယ်က ပြောဆိုသည်။

R-08



FOLLOW US