News

POST TAGGED AS

ဘုန်းကြီး

ညီမကို နှိပ်စက်သည့် ယောက်ဖကို ဓားနှင့်ခုတ်သတ်
တောင်ငူ၊ ဇွန် ၁၉

ပဲခူးတိုင်း ရေတာရှည်မြို့နယ် ပိတောက်ခင်ကျေးရွာအုပ်စု မဲဇလီတဲစုရှိ နေအိမ်တစ်အိမ်တွင် ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က အရက်သောက်စားပြီး ညီမဖြစ်သူကို နှိပ်စက်နေသည့် ယောက်ဖကို အစ်ကိုဖြစ်သူက ဓားဖြင့်ခုတ်သတ်ခဲ့ကြောင်း ရေတာရှည်မြို့မရဲစခန်းထံမှ သိရသည်။

မဲဇလီတဲစုနေ ဦးဖိုးထွန်း (၄၁ နှစ်) နှင့် ဇနီးဖြစ်သူ ဒေါ်ချို (၄၁ နှစ်) တို့ လင်မယားချင်း စကားများရန်ဖြစ်နေကြစဉ် နေအိမ်မျက်စောင်းထိုးတွင် နေထိုင်သူ ဒေါ်ချို၏အစ်ကိုဖြစ်သူ ဦးမြတ်ထွန်း (၄၃ နှစ်) က ညီမကို နှိပ်စက်နေသည်ဟုယူဆပြီး ဓားဖြင့်ဝင်ခုတ်သတ်ခဲ့သည့်အတွက် ဦးဖိုးထွန်း၏ လည်ဂုတ်နှင့် နေရာအချို့တွင် ပြတ်ရှဒဏ်ရာသုံးချက်ဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

“ယောက်ဖက အရက်သောက်စားပြီး အလုပ်မလုပ်တဲ့အပြင် သူ့ညီမကို အမြဲနှိပ်စက်နေတာကို မြင်နေရတော့ ဒေါသအလျောက် ဓားနဲ့ခုတ်ခဲ့တာပါ”ဟု ရေတာရှည်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ဦးမြတ်ထွန်းကို အခင်းဖြစ်ပြီး ညနေပိုင်းတွင်ဖမ်းဆီးကာ ရေတာရှည်မြို့မ ရဲစခန်းက (ပ)၁၇၇/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်နေကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

R-15



FOLLOW US