News

POST TAGGED AS

ဘားအံ

02-May-2018

ဘားအံ
သတ်မှတ်ကျောက်ကျင်း အရေအတွက်ပြည့်လျှင် ကျောက်ထုတ်ခြင်း ရပ်ပေးမည်ဟုဆို

ဘားအံ၊ မေ ၂

ဒေသခံများ ကန့်ကွက်နေသော လွန်းည ကျောက်ထုတ်လုပ်ရေးလုပ်ငန်း မှာ သတ်မှတ်ကျောက်ကျင်း အရေအတွက် ပြည့်လျှင် လုံးဝ ရပ်ဆိုင်းပေးမည်ဖြစ်ကြောင်း ချစ်လင်းမြိုင် ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ နယ်ခြားစောင့်တပ် (BGF) ဗိုလ်မှူးကြီး စောချစ်သူက ပြောကြားသည်။

မေလ ၁ ရက်နေ့က လွန်းညကျေးရွာကျောင်းတိုက်တွင်ပြုလုပ်သည့် လွန်းည တောင် ကျောက်ထုတ်လုပ်ရေးကိစ္စ ဒေသခံများနှင့် ကျောက်ထုတ်လုပ်သည့် ကုမ္ပဏီတို့ တွေ့ဆုံညှိနှိုင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်လည်း ဒေသခံဖြစ်သလို ကရင်လူမျိုးပါပဲ။ လမ်းအတွက်ကျောက် လိုတယ်ဆိုတော့ လုပ်ပိုင်ခွင့် လျှောက်တယ်။ အဲဒီလို လုပ်ကွက်လျှောက်တော့ ဒီနေရာ ရတယ်။ သတ်မှတ်ချက်က ကျောက်ကျင်းပေါင်း တစ်သိန်းသုံးသောင်းကို သုံးနှစ်အတွင်း တင်သွင်းရမှာဖြစ်တယ်။ ဒါပေမဲ့ ၃ နှစ်မပြည့်ခင် သတ်မှတ်ကျောက်ကျင်းရေ ပြည့်ရင် ကျွန်တော်တို့လုပ်ငန်း ရပ်ဆိုင်းမှာပါ”ဟု ၎င်းက ပြောဆိုသည်။

ထိုသို့ကျောက်ထုတ်ရေးနှင့် ပတ်သက်၍ ကျောက်ထုတ်လုပ်မည့် ချစ်လင်းမြိုင် ကုမ္ပဏီ၊ လမ်းဖောက်လုပ်မည့် China Road and Bridge(CRBC) ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ဒေသခံ ရွာသူရွာသားပေါင်း ၂၀၀ ကျော်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယင်းကျောက်ထုတ်စခန်းသည် မဟာမဲခေါင်စီမံကိန်း လမ်းအပိုင်းတစ်ခုဖြစ်သော အာရှလမ်းမကြီး (မြန်မာနိုင်ငံအပိုင်း)အပိုင်းတစ်ခုဖြစ်သည့် အိန္ဒု-ကော့ကရိတ် လမ်းအပိုင်းအတွက် ကျောက်ကျင်းပေါင်း တစ်သိန်းသုံးသောင်းကို ချစ်လင်းမြိုင် ကုမ္ပဏီက လမ်းဖောက်လုပ်သည့် China Road and Bridge(CRBC) ကုမ္ပဏီထံသို့ တင်သွင်းရမည်ဖြစ်ပြီး ကျောက်ထုတ်စခန်းအနေနှင့် အစိုးရထံ နေရာ ၃ ခု တင်ပြရာတွင် လွန်းညတောင်နေရာကို လုပ်ပိုင်ခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း ချစ်လင်းမြိုင် ကုမ္ပဏီထံမှ သိရသည်။

“ကျွန်တော်တို့က လွန်းညတောင်ကို ကျောက်ထုတ်လုပ်ငန်းလုပ်တာ ဒေသခံကုမ္ပဏီဖြစ်လို့ ကန့်ကွက်စရာတော့ မရှိဘူး။ ဒါပေမဲ့ အဲဒါကိုအကြောင်းပြပြီး တရုတ်ကုမ္ပဏီက လူတွေ၊ ကားတွေက ကျောက်လာသယ်ကြ ထုတ်ကြတယ်၊ နောက်ပြီး စက်ကြီးတွေ လာထိုင်ပြီးတော့ ကျောက်ခွဲတာတွေ ဘာတွေရှိလို့ ကန့်ကွက်ရတာပါ”ဟု လွန်းညကျေးရွာ အမှတ်(၆) ရပ်ကွက် ဒေသခံ စောစည်သူက ပြောဆိုသည်။

လွန်းညတောင်တွင် ယခင်က ဒေသခံများ၏ တစ်နိုင်တစ်ပိုင် ထုတ်လုပ်သည့် ကျောက်မိုင်း ၂၃ ခုရှိခဲ့ပြီး ယခုအခါ အိန္ဒု-ကော့ကရိတ်လမ်းသို့ တင်သွင်းရန်အတွက် ချစ်လင်းမြိုင် ကုမ္ပဏီမှ တင်ဒါအောင်ပြီးနောက် ကျောက်ခွဲစက်ကြီးများဖြင့် ကျောက်ထုတ်လုပ်မှုများ ရှိသည့်အပြင် ကွန်ကရစ်ကတ္တရာဖျော် အဆောက်အအုံ (ACPlant) များ တည်ဆောက်လာ ခြင်းများရှိကြောင်း ဒေသခံများက ဆို သည်။

ချစ်လင်းမြိုင်ကုမ္ပဏီအနေနှင့် တင်ဒါအောင်ပြီးနောက် ကျောက်ထုတ်လုပ်ရာတွင် လိုအပ်သောကျောက်အရွယ် အစားနှင့် အရည်အသွေးများ ရရန်အတွက် လိုအပ်သော စက်ပစ္စည်းများနှင့် ကျွမ်းကျင်ဝန်ထမ်းအချို့ကို လုပ်ငန်းပိုင်းဆိုင်ရာ အဆင်ပြေစေရန် ထောက်ပံ့ပေးမှုများရှိကြောင်း China Road and Bridge (CRBC) ကုမ္ပဏီက ကျန်းမာရေး၊ လုံခြုံရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အရာရှိ ဦးပြည့်ဖြိုးက ဆိုသည်။

R-17



FOLLOW US