POST TAGGED AS

ဘာသာရေး

ဖမ်းဆီးခံ မလေးရှား အတိုက်အခံခေါင်းဆောင် အီဘရာဟင် လွတ်မြောက်၊ ရွှေခေတ် ရောက်တော့မည်ဟုပြောကြား

ကွာလာလမ်ပူ၊ မေ ၁၆ 

ဖမ်းဆီးအကျဉ်းကျခံနေရသော မလေးရှား အတိုက်အခံခေါင်းဆောင် အန်ဝါအီဘရာဟင်သည် မလေးရှားဘုရင်ထံမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုချက် ရရှိပြီးနောက် ဗုဒ္ဓဟူးနေ့က လွတ်မြောက်သွားပြီဖြစ်ကြောင်း သတင်းဌာနများက ရေးသားဖော်ပြသည်။

အန်ဝါအီဘရာဟင်သည် အကျဉ်းကျခံနေရစဉ် ပခုံးခွဲစိတ်ကုသမှုခံယူခဲ့သည့် Cheras Rehabilitation ဆေးရုံမှတိုက်ရိုက်ဆင်းကာ လွတ်ငြိမ်းချမ်းသာခွင့် ရသွားခြင်းဖြစ်သည်။

ဝန်ကြီးချုပ်သစ် မဟာသီယာမိုဟာမက် ဖွဲ့စည်းပေးလိုက်သည့် လွတ်ငြိမ်းချမ်းသာခွင့် ဘုတ်အဖွဲ့သည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် အန်ဝါအီဘရာဟင် လွတ်မြောက်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး ဘုရင်မင်းမြတ်ထံ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံလျှောက်ထားခဲ့ခြင်းဖြစ်သည်။

အတိုက်အခံခေါင်းဆောင် အန်ဝါအီ ဘရာဟင်က မလေးရှားနိုင်ငံသည် အကျင့်ပျက် ခြစားနေသော အစိုးရကို ဖယ်ရှားကာ ရွှေရောင်ခေတ်သစ်သို့ ရောက်ရှိတော့မည်ဟု ဗုဒ္ဓဟူးနေ့က ပြောကြားသည်။

အဂတိလိုက်စားမှု အစွန်းအထင်းများ ရှိနေသော ဝန်ကြီးချုပ် နာဂျစ်ရာဇတ်ကို ဖယ်ရှားရန်အတွက် ခေါင်းဆောင်ဟောင်း မဟာသီယာနှင့်ပူးပေါင်းခဲ့သူ ပြည်သူ့တရားမျှတရေးပါတီ ခေါင်းဆောင်အန်ဝါက ရွေးကောက်ပွဲ တစ်ခုတည်းဖြင့် ဒီမိုကရေစီကိုဖော်ဆောင်၍မရနိုင်ဘဲ ပြည်သူများ၏ အသိဉာဏ်ဖြင့်သာ အောင်ပွဲရနိုင်မည်ဟု အမြဲယုံကြည်ခဲ့ကြောင်း ဩစတြေးလျ Fairfax မီဒီယာသို့ ပြောကြားသည်။

“ကမ္ဘာတစ်လွှားမှာ ဒီမိုကရေစီ ဆုတ်ယုတ်နေတဲ့အချိန်မျိုးမှာ မလေးရှားပြည်သူတွေက ကမ္ဘာတစ်ဝန်းက ပြည်သူတွေကို မျှော်လင့်ချက် ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ၎င်းကဆိုသည်။

အသက် ၇၀ အရွယ် အန်ဝါသည် ၂၀၁၃ ရွေးကောက်ပွဲတွင် အတိုက်အခံများ အနိုင်ရမှု မကြုံစဖူး မြင့်တက်လာခဲ့ပြီးနောက် ဝန်ကြီးချုပ်နာဂျစ် အစိုးရလက်ထက်တွင် လိင်မှုဆိုင်ရာ စွပ်စွဲချက်များဖြင့် ထောင်ဒဏ် ချမှတ်ခြင်း ခံခဲ့ရသည်။

ယခုရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသူ ဝန်ကြီးချုပ် မဟာသီယာက ၎င်းအနေနှင့် ၂ နှစ်ခန့်သာ တာဝန်ယူမည်ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် လွတ်မြောက်လာမည့် အန်ဝါကို တာဝန်လွှဲပြောင်းပေးရန် မျှော်မှန်းထားသည်ဟု အင်္ဂါနေ့က Wall Street Journal သို့ ပြောကြားသည်။

အန်ဝါကိုလွှတ်ပေးရန် မလေးရှားဘုရင်က သဘောတူလိုက်ခြင်းကြောင့် နိုင်ငံရေး နယ်ပယ်သို့ ပြန်လာရန် လမ်းပွင့်သွားပြီဖြစ်သည်။

မလေးရှားနိုင်ငံကို ဖုံးအုပ်နေသည့် အဂတိလိုက်စားမှုစနစ်ကို ကျော်လွှားရန်အတွက် မဟာသီယာနှင့် မဖြစ်မနေ လက်တွဲရန် လိုအပ်သည်ဟု အန်ဝါက ပြောကြားသည်။

“ကျွန်တော်တို့က ပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို အမြဲတမ်း ထောက်ခံအားပေးနေပါတယ်။ ထောက်ခံအားပေးသူ အသစ်တွေကိုလည်း အမြဲတမ်း ကြိုဆိုနေပါတယ်။ တချို့ အကဲခတ် ဝေဖန်သူတွေရဲ့ ရန်လိုစိတ်ကတော့ ကျွန်တော့်အတွက် ကိစ္စမရှိပါဘူး”ဟု အန်ဝါကဆိုသည်။

နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ ဒေါ်လာ ဘီလီယံနှင့်ချီ၍ ကိုယ်ကျိုးသုံးစွဲခဲ့သူ ဝန်ကြီးချုပ်နာဂျစ်အပေါ် ပြည်သူများ၏ အမျက်ထွက်မှု ကြီးထွားလာခြင်းကို အကျဉ်းထောင်ထဲမှ ကြားသိနေရသည်ဟု ၎င်းက ပြောကြားသည်။

ထောင်ကျသည့်အချိန်တွင် သားသမီးများမှာ ငယ်ရွယ်သေးသည့်အတွက် မိသားစုအပေါ် ရိုက်ခတ်မှု ကြီးမားခဲ့ပြီး ဇနီးနှင့် ကလေးများအတွက် ခက်ခဲသောကာလဖြစ်ခဲ့သည်ဟု အန်ဝါက ပြောကြားသည်။

“ရက်တွေ၊ လတွေ ကုန်ဆုံးသွားပေမယ့် ကျွန်တော့်ရဲ့ မျှော်လင့်ချက်ကတော့ မဆုံးဘူး။ အကျင့်ပျက်ခြစားတဲ့ နာဂျစ် အစိုးရအပေါ် ပြည်သူတွေရဲ့ အမျက်ထွက်မှုဟာ တစ်နေ့မှာ အထွတ်အထိပ်ကို ရောက်လာမယ် ဆိုတာကို ထောင်ထဲမှာနေရင်း ခံစားမိနေတယ်”ဟု အန်ဝါက ပြောကြားသွားသည်။

F-04



FOLLOW US