News

POST TAGGED AS

ဘာသာရေး

ဘင်္ဂလားဒေ့ရှ်က နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီး အဆောက်အအုံ ဆောက်သည့်အပေါ် မြန်မာအစိုးရကန့်ကွက်
ရန်ကုန်၊ မေ ၁၀

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မျဉ်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဆောက်အအုံများ ဆောက်လုပ်သည့်အတွက် မြန်မာနိုင်ငံအစိုးရက တရားဝင် ကန့်ကွက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ 

မြန်မာနိုင်ငံအစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ပြီးခဲ့သည့် မေလ ၈ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးတွင်တွေ့ဆုံကာ တရားဝင် ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီးရှိ အဆောက်အအုံ မဆောက်လုပ်ရန် တားမြစ်ထားသည့် ဇုန်အတွင်းတွင် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း၌ အဆောက်အအုံအချို့နှင့် ဘန်ကာများ ဆောက်လုပ်ထားမှုအပေါ် တရားဝင် ကန့်ကွက်ခဲ့ပြီး အဆိုပါဆောက်လုပ်ထားသည့် အဆောက်အအုံများသည် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော နယ်နိမိတ် စာချုပ်ပါ သတ်မှတ်ချက်များကို ဖောက်ဖျက်ရာ ရောက်သဖြင့် ဖယ်ရှားပေးရန် ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင်အဆိုပါ နယ်နိမိတ်မျဉ်းအနီးရှိ အဆောက်အအုံ မဆောက်လုပ်ရန် တားမြစ်ထားသည့် ဇုန်အတွင်းတွင် မြန်မာဘက်ခြမ်း၌ နေအိမ်၊ အဆောက်အအုံများ ဆောက်လုပ်လျက်ရှိရာတွင် ဘင်္ဂလားဒေ့ရှ် အစိုးရဘက်မှ ပံ့ပိုးပေးနေမှုများ ရပ်ဆိုင်းပေးရန်နှင့် ယင်းဇုန်အတွင်း၌ တရားမဝင် နေထိုင်လျက်ရှိကြသော နေရပ်စွန့်ခွာသူများ ပြန်လည် ထွက်ခွာကြရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပူးပေါင်း ဆောင်ရွက်ပေးရန်လည်း ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။

“ဘင်္ဂလားဒေ့ရှ်က သံအမတ်ဘက်ကတော့ သူတို့အစိုးရဘက်ကို ပြန်တင်ပြပေးသွားမယ်လို့ပဲ ပြောသွားတယ်။ သူ့အနေနဲ့လည်း ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးပေါ့။ ပြန်တင်ပြသွားမယ်ပေါ့”ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါတွေ့ဆုံမှုတွင် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ် ဆောလျင်စွာ စတင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။

ပြီးခဲ့သည့် မတ်လကလည်း အဆိုပါ နယ်နမိတ်မျဉ်းအတွင်း တရားမဝင် နေရပ်စွန့်ခွာသူများ ရောက်ရှိနေထိုင်ခြင်းကြောင့် မြန်မာအစိုးရက အာဆာအကြမ်းဖက်အဖွဲ့ လှုပ်ရှားမှုအပေါ် စိုးရိမ်မှုရှိခဲ့ပြီး နယ်စပ်တွင် လုံခြုံရေး တပ်ဖွဲ့များ တိုးမြှင့်ချထားခဲ့၍ နှစ်နိုင်ငံ ဆက်ဆံရေး အနည်းငယ် တင်းမာမှု ဖြစ်ပွားခဲ့သည်။

J-08



FOLLOW US