News

POST TAGGED AS

ဘာသာရေး

မွန်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ဦးဆောင်ကော်မတီဖွဲ့စည်း
ရန်ကုန်၊ မေ ၁

မွန်ပြည်နယ် ရေးမြို့တွင် ကျင်းပမည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး ဦးဆောင်ကော်မတီတစ်ရပ်ကို မေလ ၁ ရက်က ဖွဲ့စည်းလိုက်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။

အဆိုပါ ဦးဆောင်ကော်မတီတွင် NCA လက်မှတ်ရေးထိုးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်များ၊ ပြည်နယ်အတွင်း ရွေးကောက်ပွဲအနိုင်ရ ပါတီများဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့မှ ခေါင်းဆောင်များ၊ အထောက်အကူပြုအဖွဲ့များဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ယင်းဦးဆောင်ကော်မတီကို မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဒုဥက္ကဋ္ဌ နိုင်ချမ်းတွဲ့၊ မွန်အမျိုးသားပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းစသည့် မွန်နိုင်ငံရေးခေါင်းဆောင်များ အပါအဝင် ဦးဆောင်ကော်မတီဝင် ကိုးဦး၊ အထောက်အကူပြုအဖွဲ့ဝင် လေးဦးတို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

NCA လက်မှတ်ထိုးထားပြီးဖြစ်သည့် မွန်ပြည်သစ်ပါတီနှင့် ရွေးကောက်ပွဲ အနိုင်ရ မွန်ပါတီများက ဦးဆောင်ကျင်းပမည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို မွန်ပြည်နယ် ရေးမြို့တွင် မေလ ၅ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ဆွေးနွေးပွဲကျင်းပရေး ကော်မတီထံမှ သိရသည်။

“ဆွေးနွေးပွဲကျင်းပရေးအတွက် ရေးမြို့နယ် ပြည်သူ့အားကစား၊ အထက (၁)၊ မွန်ဓမ္မာရုံ ဒါမှမဟုတ် တစ်ပုလ္လင် နှစ်ဆူဘုရား ဓမ္မာရုံ တစ်ခုခုမှာ ကျင်းပဖို့ အကြမ်းဖျင်းတော့ လျာထားပါတယ်။ အဆင်ပြေမယ့်နေရာပေါ့”ဟု မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးကော်မတီဝင်တစ်ဦးက ဆိုသည်။

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရန် ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းက သတ်မှတ်ထားခဲ့သော်လည်း လူထုတွေ့ဆုံပွဲများ ကန့်သတ်မှုများကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ယခုမှ ပြန်လည်ကျင်းပရန် စီစဉ်လာခြင်းဖြစ်သည်။

အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရာတွင် မွန်ပြည်သစ်ပါတီ နည်းတူ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) အဖွဲ့ ကျင်းပမည့် လူထုတွေ့ဆုံပွဲများကိုလည်း ရှမ်းပြည်နယ်အတွင်း ကန့်သတ်မှုများ ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ဖြစ်ပွားခဲ့ပြီး RCSS ကလည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပမည့်နေ့ရက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ ရွှေ့ဆိုင်းထားသည်။

အလားတူ ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရန် ဖွဲ့စည်းထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နှင့် ရခိုင်အမျိုးသားပါတီ (ANP) တို့ဖြင့် ဖွဲ့စည်းထားသည့် ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီကို ပြီးခဲ့သည့်ရက်ပိုင်းက ဖျက်သိမ်းခဲ့ပြီး ရခိုင်တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးမှာလည်း ပြေလည်မှု ရရှိသေးခြင်း မရှိသေးပေ။

လက်ရှိတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ပအိုဝ်း လက်နက်ကိုင်အဖွဲ့နယ်မြေ၊ ချင်းအမျိုးသားတပ်ဦး (CNF) နယ်မြေ၊ ကရင်ပြည်နယ်တို့တွင်သာ ကျင်းပပြုလုပ်နိုင်ခဲ့သည်။ 

J-08



FOLLOW US